/
node/5861

နောက်တစ်နေ့မနက်မှာ လန်းဆန်းတက်ကြွနေစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       နေ့တစ်နေ့ ကုန်ဆုံးတဲ့အခါမှာ ပင်ပန်းနွမ်းနေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ အကျင့်ကောင်းလေးတွေကိုတောင်မှ မလုပ်ချင်သလို ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ မနက်ဘက်မှာ လုပ်တာထက် ညဘက်မှာ လုပ်တာက ပိုပြီးအကျိုးသက်ရောက်မှု ကောင်းစေတဲ့ အလေ့အကျင့်တွေ ရှိပါတယ်။ ဒီတော့ ဒီအလေ့အကျင့်တွေကို လုပ်ဖို့ မမေ့သင့်ပါဘူး။ ဒီအလေ့အကျင့်တွေက ညဘက်မှာ အိပ်လို့ကောင်းစေရုံသာ မကဘူး နောက်နေ့အတွက်လည်း အားအင်တွေ ပေးစွမ်းနိုင်ပြီး စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့နဲ့ မနက်မှာ ထိုင်းမှိုင်းမနေစေဖို့အတွက် အထောက်အကူပြုပါတယ်။

          ဒီအလေ့အကျင့်တွေက စိတ်ကို တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကို ပြေလျော့စေပါတယ်။

 

1.      ပန်းတိုင်ချမှတ်ခြင်း

          အပတ်စဉ် အလုပ်အတွက် ပန်းတိုင်ချတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ဇယား ဆွဲတာဖြစ်ဖြစ်၊ အစားအစာအတွက် ကြိုတင်စဉ်းစားတာပဲဖြစ်ဖြစ် အိပ်ရာမဝင်ခင်မှ ာလုပ်ပါ။ နေ့စဉ်နေ့တိုင်းမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ ရှိနေတဲ့အတွက် တစ်ခုခုကို အစီအစဉ်ဆွဲတာကို မနက်ဘက်မှာ လုပ်မယ်ဆိုရင် အချိန်မရတဲ့အတွက် သေချာ အချိန်ပေးပြီး ချနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်တစ်နေ့အတွက် အစီအစဉ်ကို ညဘက်မှာ သေချာအချိန်ပေးပြီး ချမှတ်ပါ။

 

2.      ရေနွေးနွေးနဲ့ ရေချိုးပါ။

          ညဘက်မှာ ရေနွေးနွေးနဲ့ ရေချိုးခြင်းက အိပ်စက်ခြင်းကို အားပေးပြီး ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

 

3.      ကျေးဇူးတင်စရာများကို တွေးတောခြင်း

          ကျေးဇူးတင်စရာရှိတဲ့ အရာတွေကို ညဘက်မှာ တွေးတောခြင်းဖြင့် ဦးနှောက်ကို အကောင်းတွေအပေါ် အာရုံစိုက်စေတဲ့အတွက် ပိုပြီးအိပ်ပျော်စေကာ အိပ်မက်ကောင်းတွေ မက်စေပါတယ်။ ကျေးဇူးတင်စရာတွေကို စဉ်းစားတဲ့အကျင့်က ကမ္ဘာပေါ်က ကောင်းမွန်တဲ့အရာတွေကို ရှာဖွေဖို့ လေ့ကျင့်တာပါ။ အိပ်ရာမဝင်ခင်အချိန်က တခြားအချိန်တွေမှာ မတွေးမိတဲ့အရာတွေကို တွေးမိစေနိုင်ပါတယ်။

 

4.      သန့်ရှင်းသပ်ရပ်စွာ နေခြင်း

          ဘယ်သူကမှ မနက်နိုးလာရင် အဝတ်လျှော်ဖို့တစ်ပုံ၊ ပန်းကန်ဆေးဖို့တစ်ပုံကြီးနဲ့ နိုးထချင်မှာ မဟုတ်ပါဘူး။ တစ်ညကို သန့်ရှင်းရေးလုပ်ဖို့ အချိန် ၁၅ မိနစ်လောက် ပေးပါ။

 

5.      နေ့စဉ်မှတ်တမ်းရေးခြင်း

          ကြာရှည်တဲ့နေ့တာ ကုန်ဆုံးပြီးနောက်မှာ အနားယူချိန်မှာ တွေးတောဖို့အတွက် သတင်းအချက်အလက် အသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေ အများကြီး ဦးနှောက်ထဲမှာ ပြည့်နေပါတယ်။ ဦးနှောက်ကို ရှင်းသွားစေဖို့အတွက် အိပ်ရာမဝင်မီ ၅ မိနစ်ခန့် အချိန်ပေးပြီး နေ့စဉ်မှတ်တမ်းရေးခြင်း (သို့) ဟိုဟိုဒီဒီရေးခြင်း လုပ်ပါ။ ဦးနှောက်ကို တည်ငြိမ်စေပြီး အတွေးတွေ တဝဲလည်လည် ဖြစ်နေမယ့်အစား ပိုမြန်မြန်အိပ်ပျော်စေပါတယ်။

 

6.      အဆီများ အသုံးပြုခြင်း

          လာဗန်ဒါအဆီလေး တစ်စက်လောက် ခေါင်းအုံးပေါ် ချထားခြင်းက ညဘက်မှာ ပိုပြီးအိပ်ကောင်းစေပါတယ်။ အိပ်စက်ခြင်းကို အားပေးတဲ့ ဘယ်အဆီကိုမဆို အသုံးပြုနိုင်ပါတယ်။

 

7.      အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ခြင်း

          အသက်ရှူလေ့ကျင့်ခန်းက အိပ်စက်ခြင်းကို အားပေးတဲ့ ညဘက်မှာ လုပ်သင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်ပေးနိုင်ပြီး သွေးဖိအားကို ထိန်းချုပ်စေကာ စိတ်ငြိမ်စေပါတယ်။

 

8.      တရားထိုင်ခြင်း

          တရားထိုင်ဖို့အတွက် မသင့်တဲ့အချိန်ဆိုတာ မရှိပေမယ့်လည်း ညဘက်မှာ ထိုင်တာက ပိုပြီး စိတ်ပြေလျော့စေနိုင်ပါတယ်။ တရားထိုင်ခြင်းဖြင့် တစ်နေ့တာ စိတ်ခံစားချက်တွေကို ပြေလျော့စေပြီး အတွေးတွေကို ထိန်းချုပ်နိုင်စေတဲ့အတွက် ခေါင်းအုံးနဲ့ခေါင်း ထိတာနဲ့ အိပ်ပျော်စေနိုင်ပါတယ်။

 

9.      နောက်တစ်နေ့ လုပ်ရမယ့်အစီအစဉ် ဆွဲခြင်း

          လူတွေရဲ့ အကြီးမားဆုံး အမှားတစ်ခုကတော့ တစ်နေ့တာအလုပ်ကို မနက်ဘက်မှာဆွဲတာ ဖြစ်ပါတယ်။ လေ့လာမှုအရ နောက်နေ့မှာ လုပ်ရမယ့်အလုပ်တွေကို ညဘက်မှာ ချပြီးရေးထားခြင်းက ပိုပြီးလွယ်ကူစွာ အိပ်ပျော်စေဖို့ အထောက်အကူဖြစ်တယ်လို့ တွေ့ရှိရပါတယ်။

 

10.    မျက်နှာကို သေချာသန့်စင်ခြင်း

          ညဘက်မှာ မျက်နှာကို သေချာသန့်ရှင်းပေးခြင်းက အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးရုံသာမကဘဲ စိတ်ကိုလည်း ပြေလျော့စေပါတယ်။ ချေွးပေါက်တွေကို သေချာသန့်စင်ပြီး မျက်နှာကို အစိုဓာတ်ရစေဖို့အတွက် အချိန်ပေးပါ။

 

11.    စာဖတ်ခြင်း

          လူအများစုက မနက်ဘက်မှာ စာဖတ်ရတာကို ကြိုက်ပေမယ့်လည်း အိပ်ရာမဝင်ခင် စာဖတ်ခြင်းက အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် စာဖတ်ခြင်းဖြင့် ဦးနှောက်က အချက်အလက်တွေကို ပိုပြီးမှတ်နိုင်စေပါတယ်။ တက်ဘလက်၊ ဖုန်းနဲ့ ကွန်ပျူတာတွေကို ဝေးဝေးထားပြီး စာအုပ်ဖတ်ပါ။ လျှပ်စစ်ပစ္စည်းတွေက အလင်းတွေနဲ့ ကြိမ်နှုန်းတွေကို ထုတ်လွှင့်တဲ့အတွက် ဦးနှောက်မှာရှိတဲ့ အိပ်ပျော်စေတဲ့ ဟော်မုန်းထွက်တာကို အနှောင့်အယှက် ဖြစ်စေပါတယ်။

          ဘယ်အချိန်မှာပဲလုပ်လုပ် အလေ့အကျင့်ကောင်းတွေကို မွေးမြူတာက ကောင်းတဲ့အကျင့်ပါ။ ဒါပေမဲ့လည်း ဒီအလေ့အကျင့်တွေကို ညဘက်မှာ ပြုလုပ်ခြင်းဖြင့် အိပ်ရေးဝဝ အိပ်ပျော်စေကာ မနက်ခင်းမှာလည်း လန်းဆန်းတက်ကြွစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)