ဘာလို့ ခဏခဏ သွေးခြည်ဥရတာလဲ?
သွေးခြည်ဥတယ်ဆိုတာ ဘာလဲ? သွေးခြည်ဥရင် ဘာတွေလုပ်ရမလဲ?
သွေးကြောတွေ ပေါက်ထွက်ပြီး အရေပြားအောက်မှာ သွေးတွေ စိမ့်ထွက်လာတာကို သွေးခြည်ဥတယ်လို့ ခေါ်ပါတယ်။ ကြွက်သားတွေ၊ တစ်သျှူးတွေကို ထိခိုက်မိတဲ့အခါ ရတတ်ပါတယ်။ ဒီသွေးတွေဟာ အရေပြားမှာ အမည်းစက်တွေအဖြစ် ပေါ်လာပြီး ကိုယ်ထဲ ပြန်စုပ်ဝင်သွားတဲ့အခါ တဖြည်းဖြည်းနဲ့ အရောင်မှိန်လာကာ ပျောက်သွားပါလိမ့်မယ်။
ပြန်ပြန်ဖြစ်နေတတ်ပြီး ဘာဖြစ်နေမှန်း မသိခဲ့ရင်၊ မျိုးရိုးမှာ ဒီလိုသွေးခြည်ဥတတ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
>> ဘာကြောင့် သွေးခြည်ဥတတ်သလဲ?
● အားကစားသမား၊ လှုပ်လှုပ်ရှားရှား နေတတ်သူ
ဘောလုံးသမားတွေ၊ လက်ဝှေ့သမားတွေမှာ အချင်းချင်း သို့မဟုတ် ပစ္စည်းတွေနဲ့ တိုက်မိပြီး သွေးခြည်တွေ ဥနိုင်ပါတယ်။ ဒီလို တိုက်မိလို့ဖြစ်ခြင်းဟာ စိုးရိမ်စရာ မလိုပါဘူး။
သွေးခြည်ဥတာ အရမ်းကြီးရင်တော့ RICE လို့ခေါ်တဲ့ rest - အနားယူခြင်း၊ ice - ရေခဲကပ်ခြင်း၊ compression - ပတ်တီးစည်းခြင်း၊ elevation - အပေါ်ကို မြှင့်ထားခြင်း စတဲ့ နည်းတွေနဲ့ သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေ သက်သာစေနိုင်ပါတယ်။
● အသက်ကြီးလာခြင်း
အသက်ကြီးလာတာနဲ့အမျှ အရေပြားနဲ့ သွေးကြောတွေ ပိုပြီး ထိလွယ် ရှလွယ်လာနိုင်ပါတယ်။ ဒါ့အပြင် ကော်လဂျင်တွေ၊ အီလက်စတင်တစ်သျှူးတွေနဲ့ အဆီတွေ လျော့နည်းလာတာကြောင့် သွေးကြောအသေးလေးတွေကို မကာကွယ်ပေးထားနိုင်တော့ဘဲ သွေးခြည်ဥ လွယ်လာပါတယ်။
လတ်တလော ဒဏ်ရာအတွက် RICE နည်းလမ်းကို သုံးပေးပါ။ ၂၄ နာရီလောက် ကြာသွားတဲ့ သွေးခြည်ဥခြင်းတွေ အတွက်တော့ အကျိုးမထူးပါဘူး။ ဒီအချိန်မှာတော့ မြန်မြန်ပျောက်အောင် အပူကပ်ပေးနိုင်ပါတယ်။
● နေလောင်ခြင်း
နှစ်ပေါင်းများစွာ နေလောင်ခံထိထားသူတွေမှာ သွေးကြောနံရံတွေ အားနည်းသွားပြီး လက်ဖမိုးတွေ၊ လက်ဖျံတွေမှာ မထိခိုက်မိရပါဘဲ ခရမ်းရောင် သွေးခြည်တွေ ဥလာတာကို တွေ့ရတတ်ပါတယ်။
retinol သို့မဟုတ် alpha-hydroxyacid စတဲ့ ဆေးတွေ လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် နေလောင်ကာခရင်မ်တွေ လိမ်းခြင်း၊ ခြေလက်ကို မထိခိုက်ရအောင် ကာကွယ်ခြင်း စတာတွေနဲ့ မဖြစ်ခင် ကာကွယ်နိုင်ပါတယ်။
● သွေးကြဲဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်နေခြင်း
Warfarin သွေးကြဲဆေးတွေ၊ အက်စပရင် aspirin နဲ့ ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ခြင်းက အလွယ်တကူ သွေးခြည်ဥစေနိုင်ပါတယ်။
ဒီဆေးတွေဟာ သွေးတွင်း သွေးဥမွှား (platelet) တွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာကို ပျက်စေတဲ့အတွက် ကြာရှည်အသုံးပြုပါက အလွယ်တကူ သွေးခြည်ဥစေပါလိမ့်မယ်။
ဒါပေမဲ့ ဆေးမရပ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။
● စတီးရွိုက်ဆေး သောက်နေခြင်း
ပန်းနာရင်ကြပ်၊ နာတာရှည် လေပြွန် ပိတ်ခြင်း ရောင်ခြင်းရောဂါ၊ အဆစ်အမြစ် လေးဖက်နာရောဂါ စတဲ့ ရောဂါတွေ ရှိနေလို့ စတီးရွိုက် သောက်နေပါသလား?
ရှူဆေးပဲ ရှူရှူ၊ သောက်ဆေးပဲ သောက်သောက်၊ လိမ်းဆေးပဲ လိမ်းလိမ်း သွေးခြည်ဥ နိုင်ပါတယ်။ အကြာကြီး သုံးနေရပြီး အထူးသဖြင့် ဆေးပမာဏများများ သုံးရပါက အရေပြားလည်း ပါးလာနိုင်ပါတယ်။
ဒီလိုသွေးခြည်ဥလာပါက ဆေး ဆက်သောက်သင့်၊ မသောက်သင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။
● သွေးတွင်းသွေးဥမွှား (platelet) နည်းနေခြင်း
သွေးဥမွှားတွေဟာ သွေးထွက်တာ နည်းသွားစေဖို့၊ ရပ်သွားစေဖို့ အကူအညီပေးတဲ့ပစ္စည်းတွေ ဖြစ်တာကြောင့် အလွယ်တကူ သွေးခြည်ဥနေသူတွေမှာ ဒီဆဲလ် ပုံမမှန်တဲ့ရောဂါတွေ ရှိနေနိုင်ပါတယ်။
Platelet ဆဲလ်တွေ နည်းနေတာသော် လည်းကောင်း၊ ပုံမှန် အလုပ်မလုပ်နိုင်တာသော် လည်းကောင်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း platelet ဆဲလ်တွေ နည်းနေနိုင်တာကြောင့် အလွယ်တကူ သွေးခြည်ဥနိုင်ပါတယ်။
● သွေးရောဂါရှိနေခြင်း
သွေးခြည်ဥတာ တစ်ခုတည်း မဟုတ်ဘဲ နှာခေါင်း သွေးလျှံခြင်း၊ ရာသီများခြင်း၊ ခွဲစိတ်ပြီး သွေးထွက်များခြင်း စတာတွေ ပါရှိနေခဲ့ရင် ပုံမှန်မဟုတ်နိုင်တော့ပါဘူး။
အဖြစ်အများဆုံး သွေးရောဂါကတော့ Von Willebrand Disease လို့ခေါ်တဲ့ သွေးခဲ ပရိုတင်းဓာတ် မျိုးရိုးလိုက် နည်းနေခြင်း၊ ပုံမမှန်ခြင်းရောဂါပဲ ဖြစ်ပါတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၁% မှာ ဖြစ်နိုင်ပါတယ်။
ဒီလိုလူတွေမှာ သွေးရောဂါ အထူးကုနဲ့ ပြသတိုင်ပင် ကုသသင့်ပါတယ်။
● အသည်း မကောင်းခြင်း
အသည်းရောဂါရှိသူ သို့မဟုတ် အသည်း ပျက်စီးနေသူတွေမှာ သွေးထဲ သွေးတိတ်ကလာဒ်စည်း ဆဲလ်တွေ နည်းနေတဲ့အတွက် အလွယ်တကူ သွေးထွက်နိုင်ပါတယ်။
အသည်းရောင် အသားဝါစီပိုး၊ အရက် စတာတွေကြောင့် အသည်း ပျက်စီးနိုင်ပါတယ်။
အသည်းရောဂါနဲ့ သွေးရောဂါ တွဲရှိနေနိုင်တာလည်း ဖြစ်နိုင်တဲ့အတွက် သေချာဆေးစစ် ကုသမှု ခံယူပါ။
● သွေးကင်ဆာ
အခြား ရောဂါလက္ခဏာတွေဖြစ်တဲ့ နုံးခြင်း၊ ပြန်ရည်ကြော အကျိတ်ရောင်ခြင်း၊ အရိုးအဆစ် နာကျင်ကိုက်ခဲခြင်း စတာတွေနဲ့ တွဲနေခဲ့ရင် Leukemia၊ lymphoma စတဲ့ သွေးကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။
သွေးရောဂါ အထူးကုဆရာဝန်နဲ့ သေချာပြသကြည့်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























