/
node/5883

ညဘက်တွေမှာ ချွေးပြန်စေးတတ်သလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရာသီဥတု ဘယ်လိုပဲနေနေ ညဘက်မှာ ချွေးစေးတွေ ပြန်ပြီးနိုးလာတတ်တယ်ဆိုရင် ရောဂါတစ်ခုခု ရှိနေနိုင်ပါပြီ။

          အခန်းထဲ အေးနေလျက်နဲ့တောင် ချွေးတွေ ရွှဲနစ်ပြီး နိုးလာတတ်တယ်ဆိုရင် ညဘက် ချွေးစေးပြန်တတ်တယ်လို့ ဆိုရမှာပါ။

          ညအိပ်ဝတ် အဝတ်အစားတွေ အရမ်းထူနေလို့ ဖြစ်နိုင်သလို အခြားပိုဆိုးတဲ့ အခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

          ယေဘုယျအားဖြင့် ကိုယ်ခန္ဓာအပူချိန် 37°F မှာ ထိန်းထားနိုင်ဖို့ တစ်နေ့ကို ရေ ၁ လီတာလောက် ချွေးစေးအဖြစ် ဆုံးရှုံးပါတယ်။ ညဘက်မှာ စောင်နဲ့ ကွေးနေချိန်သော်လည်းကောင်း၊ အရမ်းအိုက်နေရင်သော်လည်းကောင်း ပိုများတတ်ပါတယ်။

          ကိုယ်ခန္ဓာအပူချိန် ထိန်းသိမ်းမှုစနစ်ဟာ အလွန်စနစ်ကျပါတယ်။ အပူချိန်ကို အမြဲထိန်းထားနိုင်ဖို့ ပူအိုက်နေတဲ့အခါ အပူတွေကို ဆုံးရှုံးပေးရသလို အေးနေတဲ့အခါမှာလည်း အပူကို ထိန်းသိမ်းထားရပါတယ်။

          ကိုယ်ခန္ဓာမှာ သွေးကြောတွေ ကျယ်လာပြီး သွေးအစီးများလာတာဟာ ကိုယ်ခန္ဓာက အပူဆုံးရှုံးဖို့ လိုအပ်နေပြီဆိုတာကို ပြတာပါ။

          ဒီလိုအရမ်းပူလာပြီး ချွေးစေးတွေ ထွက်လာတဲ့အခါ အနေရခက်ပြီး အိပ်ပျော်နေရာကနေ နိုးလာတတ်ပါတယ်။ အိပ်ရေးမဝတော့ဘဲ နောက်ရက်တွေမှာ မလန်းမဆန်း ဖြစ်နေတတ်ပါတယ်။

          ဒီလို အမြဲရက်ဆက်တိုက်ဖြစ်လာတဲ့အခါ ကိုယ်ခန္ဓာ နွမ်းနယ်လာပြီး အလုပ်လုပ်ရတာ အခက်တွေ့လာတတ်ပါတယ်။

          ကိုယ်ကိုယ်တိုင်တင်မကဘဲ ကိုယ်နဲ့အတူ အိပ်တဲ့လူတွေကိုပါ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။

 

>>    ဒီလို ညဘက်ချွေးစေးတွေ ဘာကြောင့်ပြန်တတ်သလဲ?

၁။     ကင်ဆာ

          Lymphoma လို့ခေါ်တဲ့ လင်ပြန်ကြောဂလင်းတွေ ရောင်ရမ်းကြီးထွားလာတဲ့ ကင်ဆာတစ်မျိုးဟာ ညဘက် ချွေးစေးတွေပြန်ပြီး လာတတ်ပါတယ်။ ဒါကို မမေ့သင့်ပါဘူး။

 

၂။     သွေးဆုံးခြင်း

          လင့်ပြန်ကြောဂလင်းတွေ ရောင်ရမ်းမနေဘဲ သွေးဆုံးအရွယ် အမျိုးသမီးတစ်ယောက် ဆိုရင်တော့ သွေးဆုံးကိုင်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

 

၃။     ပိုးဝင်ခြင်း

          အပူချိန်တွေ တက်လာပြီး ချွေးတွေ တအားပြန်လာရင် ပိုးဝင်ခြင်းလက္ခဏာ ဖြစ်နိုင်ပါတယ်။ အများဆုံး ဖြစ်တတ်တာကတော့ တီဘီရောဂါပါ။ အခြား နှလုံးအတွင်းလွှာရောင်ခြင်း၊ အရိုးပိုးဝင်ခြင်း၊ ပြည်တည်နာနဲ့ HIV/AIDS ကြောင့် ဖြစ်နိုင်ပါတယ်။

 

၄။     အရက်

          အရက်က သွေးကြောတွေကို ကျယ်စေတာကြောင့် အရက် အများကြီးသောက်တဲ့အခါ ကိုယ်ကိုယ်တိုင် သတိမထားမိပေမယ့် ပူပြီး ချွေးစေးတွေ ထွက်လာတတ်ပါတယ်။

 

၅။     ရာသီအကူးအပြောင်း

          နွေရာသီ ပြောင်းလာတဲ့အခါ အေးနေရာကနေ ရုတ်တရက် ပူသွားတဲ့အတွက် ချွေးတွေ အများကြီး ထွက်တတ်ပါတယ်။

 

၆။     ဆေး

          စိတ်ကျရောဂါပျောက်ဆေးလိုမျိုး တချို့ဆေးတွေဟာ ညဘက် ချွေးစေးပြန်စေတတ်ပါတယ်။

 

          ဒါကြောင့် ပူပြီး ချွေးစေးတွေ ထွက်လာခဲ့ရင် ပြတင်းပေါက်တွေ ဖွင့်လိုက်ပါ။ ပန်ကာ ဖွင့်ပါ။

          စိတ်ပူပန်ရင်တော့ ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံး ဖြစ်ပါတယ်။ လိုအပ်တဲ့သွေးတွေ စစ်ကြည့်ပြီး ဘာကြောင့်ဖြစ်တာလဲ ရှာဖွေကြည့်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)