မေမေတွေ လှချင်လွန်းလို့ အသားဖြူစေတဲ့ အလှကုန်တွေ အသုံးများရင် ကလေးတွေမှာ အရေပြား ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်တယ်နော်
အာရှသားအများစုက whitening products လို့ခေါ်တဲ့ အသားဖြုစေတဲ့ အလှကုန်တွေအပေါ်မှာ အရမ်းကို စွဲလမ်းလွန်းကြပါတယ်။ တကယ်တော့လည်း အသားအရေ ကောင်းမွန်တယ်ဆိုရင် လှပါတယ်။ ဖြူဖို့ မလိုပါဘူး။
အာရှတိုက်ရဲ့ ယဉ်ကျေးမှုထဲကို အသားဖြူစေတဲ့ အလှကုန်တွေ ထိုးဖောက်ဝင်ရောက်လာတာ နှစ်အတော်ကြာပါပြီ။ ဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာနဲ့ လိုးရှင်းကစပြီး အသားဖြူစေတဲ့ဓာတ်တွေ ထည့်သွင်း ထုတ်လုပ်လာကြပါတယ်။
ဒီအသားဖြူစေတဲ့အရာတွေပါတဲ့ အလှကုန်တွေကို အသုံးပြုတဲ့ နို့တိုက်မိခင်တွေအနေနဲ့ သတိထားရပါမယ်။ ဘာလို့လဲဆိုတော့ ဒီအလှကုန်တွေကြောင့် ကိုယ့်ရဲ့ နို့စို့ကလေးကို အရေပြား ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေကို ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရှိရတဲ့အတွက် ဒီအလှကုန်ပစ္စည်းတွေရဲ့ အန္တရာယ်ကင်းမှုအပေါ်မှာ မေးခွန်းတွေ သတိပြုစရာတွေ ရှိလာပါတယ်။ Pakistani ကုမ္ပဏီကထုတ်တဲ့ Goree ဆိုတဲ့ အသားဖြူဓာတ်တွေ ပါဝင်စေတဲ့ အလှလိမ်းဆေးတွေ၊ နေ့လိမ်းနဲ့ ညလိမ်းခရင်မ်တွေ၊ ဆပ်ပြာတွေ၊ မျက်နှသစ်ဆေးတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိလာပါတယ်။ ဒီထုတ်ကုန်ကို သုံးပြီးတော့ ဓာတ်မတည့်မှုကို ခံစားရတဲ့သူတွေ ရှိလာပါတယ်။ တစ်ယောက်ကဆိုရင် ဒီထုတ်ကုန်ကြောင့် ဓာတ်မတည့်မှုတွေက သူ့ရဲ့ကလေးကိုတောင်မှ ကူးစက်မှုတွေ ရှိပါတယ်။ ကလေးဆရာဝန်နဲ့ ပြကြည့်တော့ နို့တိုက်နေတုန်းနဲ့ အသားချင်းထိတွေ့တဲ့အချိန်မှာ ဒီဓာတ်မတည့်မှုက ကူးစက်သွားတယ်လို့ ဆိုပါတယ်။
ဒီထုတ်ကုန်ကို သုံးနေတဲ့ အခြားတစ်ယောက်တော့ ပြင်းထန်တဲ့ အရေပြား ဓာတ်မတည့်မှုနဲ့ ကိုယ်ခံအားနည်းခြင်းတွေ ဖြစ်ပြီးတော့ အရေးပေါ်ခန်းကို ၇ ကြိမ်တောင်မှ ရောက်ရပါတယ်။ သူမ ပြောတာကတော့ မခံမရပ်နိုင်လောက်အောင် ယားပြီးတော့ အသက်ရှူဖို့တောင် ခက်ခဲလာတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး သုံးစွဲသူ အတော်များများမှာ အရေပြားဆိုးကျိုးတွေ ကြုံတွေ့ရပြီးနောက် Goree ထုတ်ကုန်တွေကို ဆန်းစစ်ကြည့်တဲ့အခါ လူ့ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ ပြဒါးတွေ အများကြီး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ ဒီလိုပြောဆိုနေကြတဲ့ ထုတ်ကုန်တွေက အတုတွေဖြစ်ပြီး Goree ကုမ္ပဏီက ထုတ်လုပ်ထားတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
ဒီတော့ ကလေးတွေကို ထိခိုက်မှုမရှိအောင် မေမေတွေအနေနဲ့ အလှကုန်တွေ အသုံးပြုတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ?
1. အသုံးခင် အရင်ဆုံး လေ့လာဆန်းစစ်ပါ။
အလှကုန် တစ်ခုခုကိုဝယ်ပြီး အသုံးမပြုခင်မှာ အင်တာနက်ပေါ်တက်ပြီး သူငယ်ချင်းဆီက (သို့) စတိုးတစ်ခုခုကနေပြီး ဒီထုတ်ကုန်အကြောင်းကို လေ့လာပါ။ ဒီထုတ်ကုန်မှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသုံးပြုနည်းလမ်းညွှန်ကို သေချာဖတ်ပါ။ ဝယ်တဲ့အခါမှာ မူရင်းဖြစ်ကြောင်း သေချာပါစေ။ အခုခေတ်ဈေးကွက်ထဲမှာ ဈေးသက်သာတဲ့အတုတွေ အရမ်းပေါပါတယ်။ ဒီပစ္စည်းကိုထုတ်တဲ့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းကိုလည်း သေချာစစ်ဖို့ အရေးကြီးပါတယ်။
အရည်အသွေး အစစ်အမှန်ကို လိုချင်ရင်တော့ ရင်းနှီးမြှုပ်နှံမှုရှိဖို့ လိုပါတယ်။
2. ကိုယ့်ရဲ့အရေပြားဆရာဝန်ကို မေးမြန်းပါ။
ဆရာဝန်နဲ့ မေးမြန်းပြီးမှ သုံးခြငး်အားဖြင့် ပိုစိတ်ချရစေပါတယ်။ ကိုယ့်ရဲ့ အသားအရေ အမျိုးအစားနဲ့ ဘယ်လိုအလှကုန်နဲ့ သင့်တော်တယ်ဆိုတာကိုလည်း လေ့လာထားဖို့ လိုပါတယ်။ ဒါ့အပြင် ကလေးငယ်ရှိတဲ့ မိခင်တွေ၊ ကလေး မိခင်နို့တိုက်နေတဲ့ အမေတွေအနေနဲ့ ဘယ်လိုထုတ်ကုန်တွေကို ရှောင်ရမလဲဆိုတာကိုလည်း သိထားဖို့ အရေးကြီးပါတယ်။
3. တတ်နိုင်သမျှ သဘာဝပစ္စည်းတွေကိုပဲ သုံးပါ။
ပြင်းထန်တဲ့ဓာတုပစ္စည်းတွေကို ကိုယ့်ရဲ့အသားအရေကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ဒီအစား သဘာဝထုတ်ကုန်တွေကို သုံးစွဲပါ။ ကိုယ့်ရဲ့အသားအရေ အမျိုးအစားအပေါ် မူတည်ပြီးတော့ ဘယ်လိုထုတ်ကုန်တွေက ကိုယ့်ရဲ့အရေပြားကို ထိခိုက်စေတယ်ဆိုတာကို သိထားပြီး ရှောင်နိုင်ဖို့ လိုပါတယ။်
အမေတွေ အနေနဲ့တော့ ကိုယ့်ရဲ့အရေပြား ထိန်းသိမ်းမှုကို လုပ်တဲ့အခါမှာ ကလေးကို မထိခိုက်စေဖု့ိအတွက် မသုံးခင်မှာ သေချာလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























