ရုတ်တရက် နှလုံးခုန် ရပ်သွားပေမယ့် ...
“ လှုပ်ရှားသွားလာနေတုန်း ရုတ်တရက် နှလုံးခုန် ရပ်သွားမယ်ဆိုရင် ...? နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း နှလုံးခုန် ရပ်သွားခဲ့မယ်ဆိုရင် ...? တကယ်တော့ နှလုံးခုန် ရပ်တာနဲ့ သေဆုံးခြင်းဟာ အင်မတန် နီးကပ်တဲ့ အစွန်းနှစ်ဖက်ပါပဲ ...”
ဘရပ်ဒ်ဆိုတဲ့ အသက် ၅၆ နှစ်အရွယ် အန််ကယ်ဟာ သူ့ဇနီးဘေးမှာ အိပ်မောကျနေရင်း ရုတ်တရက်ဆိုသလို တဂူးဂူး အသံတွေ ထွက်ပေါ်လာပါတယ်။ တစ်ဖက်မှာ အချိန်ကိုက်နိုးလာတဲ့ ဇနီးသည်က အသိဝင် သတိဝင်လာပြီး တစ်ခုခုတော့ ဖြစ်နေပြီလို့ သူ့ခင်ပွန်းသည်ရဲ့လက်ကို အသာအယာ လှမ်းစမ်းလိုက်တဲ့အခါ လက်တွေက အေးလို့ သွေးခုန်နှုန်း မရှိတော့ပါဘူး။ သူမဟာ ကြောက်လန့်တကြား အော်လိုက်တဲ့အချိန်မှာတော့ အောက်ထပ်က သားနှစ်ယောက် အိမ်ပေါ်ကို တဒုန်းဒုန်း ပြေးတက်လာကြပါတယ်။
တစ်ယောက်က ဆေးရုံကို ဖုန်းဆက်၊ နောက်တစ်ယောက်က အိမ်ဘေးက အိမ်နီးချင်းဆရာဝန် ပြေးခေါ်ပါတယ်။ ဒေါက်တာခမျာလည်း အန်ကယ်ဘရပ်ဒ်တို့အိမ်ကို ချက်ချင်းဆိုသလို အပြေးအလွှား ရောက်ချလာပြီး နှလုံး ပြန်ခုန်လာဖို့ အရေးပေါ်ကုသခြင်းဖြစ်တဲ့ ရင်ဘတ်ဖိနှိပ်ကုသခြင်းကို စတင်ပြုလုပ်ပါတယ်။
ချွေးတွေ တဒီးဒီးကျ မောနေပေမယ့် ဇွဲကောင်းလှတဲ့ဆရာဝန်ကတော့ ရပ်သွားတဲ့နှလုံးကို ပြန်နိုးလာဖို့ မလှုပ်မရှား အန်ကယ်ဘရပ်ဒ်ရဲ့ ရင်ဘတ်ကို အားနဲ့ဖိနှိပ်ကာ ရှေ့ဆက် ကုသနေဆဲ။
အရေးပေါ်ဆရာဝန်အဖွဲ့ အိမ်ရှေ့ကို ရောက်လာပြီး အိမ်နီးချင်း ဒေါက်တာဆီကနေ လူနာကို လွှဲပြောင်းယူကာ ဆက်လက် ရှော့ရိုက် ကုသမှုတွေ ချက်ချင်းလုပ်ဆောင်ပါတယ်။ ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိတဲ့အထိ အန်ကယ်ဘရပ်ဒ်တစ်ယောက် သတိမလည်လာသေးပါဘူး။ ဇနီးသည်ဟာ မျက်ရည်တွေရွှဲလို့။ အိမ်သူအိမ်သားတွေလည်း မျက်စိမျက်နှာ အပျက်ပျက်။ မိသားစုရဲ့ ကြေကွဲစရာအမူအရာတွေ၊ မြင်ကွင်းတွေ လွှမ်းမိုးမှုက ဆေးရုံတာဝန်ရှိသူတွေကို ရှေ့ဆက်ကြိုးစားဖို့ တွန်းအားပေးနေပါတယ်။
ကိုမာလို့ ခေါ်ရမယ့် လုံးဝသတိလစ် မေ့မျောခြင်းအဆင့်ကို ဦးဦးဘရပ်ဒ်တစ်ယောက် ရောက်ရှိနေပါပြီ။ ဒီတောင်ကို သူ ကျော်နိုင်ပါ့မလား။
နောက်ဆုံးမှာတော့ ဆေးရုံအရေးပေါ်အဖွဲ့ဟာ သူ့ခန္ဓာကိုယ်ကို လုံးဝအေးတဲ့ အနေအထားတစ်ခုမှာ ထားပြီး ကုသဖို့ ချက်ချင်းစီစဉ်ပါတယ်။
ခန္ဓာကိုယ်ရဲ့အပူချိန်ကို လျှော့နိုင်သလောက် လျှော့ချပြီး အသက်ရှူစက်ပေါ်ကို တင်လိုက်တာ ဖြစ်ပါတယ်။
နှစ်ရက်တာ အသက်ရှူစက်နဲ့ လုံးလုံးလျားလျား မေ့မျောနေပြီးနောက်မှာတော့ ဆေးရုံဝန်ထမ်းတွေဟာ သူ့ရဲ့ခန္ဓာကိုယ် အပူချိန်ကို တဖြည်းဖြည်း တက်လာစေတဲ့နည်းနဲ့ ပုံမှန်အနေအထားကို ပြန်လည်ရှင်သန် နိုးထစေခဲ့ပါတယ်။ ဘရပ်ဒ်တစ်ယောက် အသက်ရှင်ခဲ့ပါပြီ။
အံ့သြဖွယ်ဆေးပညာနဲ့ ကံတရားပေါင်းစပ် အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။
" ကျွန်တော် နိုးလာတော့ တကယ်အူကြောင်ကြောင် ဖြစ်နေတာ အိမ်က အိပ်ရာပေါ်မှာ အိပ်နေတုန်းပဲလို့ ထင်နေတာ။ ကျွန်တော့်မိသားစုကို အကုန်မှတ်မိတယ်။ ဒီနှစ် ဘာနှစ်လဲမေးတော့ပဲ နည်းနည်းလွဲတာ။ ဘွဲ့ယူတဲ့နှစ်ကို မှားပြောမိသွားတယ်။ "
အခုတော့ အန်ကယ်ဘရပ်ဒ်တစ်ယောက် ရယ်ရယ်မောမောနဲ့ ပြန်ပြောပြနေတာ ဖြစ်ပါတယ်။ ကံကောင်းလွန်းသူကြီးပါ။ ဆရာဝန်နဲ့လည်း အိမ်ချင်း ကပ်နေလိုက်သေးတယ်လေ။
နှလုံးကျန်းမာရေး စစ်ဆေးကြတော့ အံသြစရာကောင်းလောက်အောင် နှလုံးသွေးကြော ပိတ်တာ၊ ခဲတာ၊ ခုန်နှုန်းမမှန်တာတွေ မရှိပါဘူး။ ဒါပေမဲ့ နောက်ထပ် နှလုံးခုန်ရပ်တာတွေ ကာကွယ်ဖို့ ဆရာဝန်တွေက နှလုံးထဲမှာ စက်ကလေး တပ်ပေးလိုက်ပါတော့တယ်။ နောက်ထပ် ဒီလိုအဖြစ်မျိုး ရှောင်နိုင်အောင် ဖြစ်ပါတယ်။
အန်ကယ်ဘရပ်ဒ်လို အဖြစ်မျိုးကတော့ ရှာမှရှားပါပဲ။ နှလုံးခုန်ရပ်ပြီး အချိန်ခဏလေးအတွင်းမှာ မြန်မြန်ဆန်ဆန် နှလုံးနှိုးကုသမှုကို စတင်နိုင်ခဲ့လို့ အသက်ရှင်တာဖြစ်ကြောင်း မှတ်ချက်ပေးသူက ပေးကြပါတယ်။ အိမ်နီးချင်းဆရာဝန်က အခုတော့ ဟီးရိုးကြီးဖြစ်ပြီ။ သူကတော့ ကူညီပေးရတာ ဝမ်းသာကြောင်း သူ့ကို သူရဲကောင်းဇာတ် မသွင်းဖို့ နှိမ့်ချစွာပဲ ပြောရှာပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီအဖြစ်မှာ သေခြင်းချောက်ကမ်းပါးစွန်းကနေ သီသီလေး လွတ်ခဲ့သူ အန်ကယ်ဘရပ်ဒ်ရဲ့ ရွှေရောင်ကံတရားကိုသာ အဓိကဇာတ်လိုက်နေရာ ပေးရမှာပါလေ။ ဟုတ်တယ်လေ ... နှလုံးခုန်ရပ်သွားတာတောင် သူ မသေခဲ့ဘူး မဟုတ်လား။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























