ခေါင်းတစ်ခြမ်းကိုက်ရင် မပေါ့ဆကြပါနဲ့
အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့မိခင်က ဦးနှောက်သွေးကြော ဖောင်းခြင်းကြောင့် ခေါင်းတစ်ခြမ်း ကိုက်နေရာကနေပြီးတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။
North Carolina ရှိ လေးနှစ်သားအရွယ် ကလေးငယ်ရဲ့မိခင်က ဦးနှောက်သွေးကြော ဖောင်းနေခြင်းကြောင့် အရမ်းဆိုးရွားတဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ခံစားခဲ့ရပြီးတော့ သေဆုံးခဲ့ရပါတယ်။ သူမက အသက် ၄၁ နှစ်ပဲ ရှိသေးပြီးတော့ တစ်မနက်ခင်းမှာ သူမ ခေါင်းအရမ်းဆိုးဆိုးရွားရွား ကိုက်နေလို့ အိမ်ကို ပြန်လာခဲ့ပါလို့ သူမရဲ့ယောက်ျားကို စာပို့ခဲ့ပါတယ်။ သူမက ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါကို အသက် ၈ နှစ်အရွယ်ကတည်းက ခံစားလာခဲ့ရပေမယ့် ဒီတစ်ခါကတော့ အရင်အခေါက်တွေနဲ့ မတူပါဘူး။ သူမမှာ Grade 5 ခုရှိတဲ့အနက်က Grade 2 အဆင့်ရှိတဲ့ ဦးနှောက်သွေးကြောဖောင်းခြင်း ရှိတယ်လို့ ရောဂါ သတ်မှတ်ခံထားရပြီးသားပါ။
နောက်နေ့မှာတော့ ဆရာဝန်က ခေါင်းက သွေးကြောဖောင်းနေတာကို ခွဲစိတ်ပြီး ပြုပြင်လို့ရတယ်လို့ ဆိုတဲ့အတွက် စိတ်သက်သာရာရသွားပါတယ်။ ဒါပေမဲ့ ခွဲစိတ်ပြီးလို့ သူမ ပြန်သတိရလာဖို့ စောင့်နေတဲ့အချိန်မှာ ဆရာဝန် ထွက်လာပြီးတော့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ကြုံနေရတယ်လို့ ဆိုပါတယ်။ နောက် ၁၀ နာရီလောက် ကြာတဲ့အခါမှာတော့ သူမရဲ့မိသားစုဝင်တွေနဲ့ တွေ့ချင်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ပြီးတော့ သူမအတွက် ဘာမှလုပ်မပေးနိုင်တော့ပါဘူး။ သူမ ဦးနှောက်သေသွားပါပြီလို့ ဆရာဝန်က ပြောခဲ့ပါတယ်။
ဦးနှောက်သွေးကြောဖောင်းတယ် ဆိုတာကတော့ ဦးနှောက်ကို ထောက်ပံ့တဲ့သွေးကြော ဖြာထွက်တဲ့တစ်နေရာမှာ ပူဖောင်းမှုတ်ထားသလို ဖောင်းထွက်နေတာပါ။ ဒီဖောင်းနေတာက ပေါက်ထွက်သွားရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ အမေရိကမှာဆိုရင် နှစ်စဉ် လူပေါင်း 30000 လောက် ဦးနှောက်သွေးကြော ဖောင်းပေါက်ထွက်နေပြီးတော့ ဒီလူတွေရဲ့ 40% လောက်က အသက် ဆုံးရှုံးကြရပါတယ်။ အသက်ရှင်ကျန်တဲ့လူတွေရဲ့ 65% လောက်ကတော့ ရာသက်ပန် ဦးနှောက်ချို့တဲ့မှုအချို့ကို ခံစားရပါတယ်။
ကျွနု်ပ်တို့အများစုက ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်ထွက်တဲ့လက္ခဏာတွေကို ခေါင်းတစ်ခြမ်းကိုက်တာနဲ့ မှားတတ်ကြပါတယ်။ ဒီနှစ်ခုမှာ လက္ခဏာတူနေတာတွေက အများကြီးပါ။ သွေးကြောဖောင်းပေါက်ထွက်တာရဲ့ ထူးခြားတဲ့လက္ခဏာကတော့ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားဖူးတယ် ဆိုရင်တောင်မှ သွေးကြောဖောင်းပေါက်ထွက်လို့ ကိုက်တာက ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ အဆိုးရွားဆုံးသော ခံစားချက်ပါ။ တချို့လူတွေကတော့ မိုးကြိုးပစ်ခံလိုက်ရသလိုပဲလို့ ဆိုပါတယ်။ ဒီလိုခေါင်းကိုက်တာက ရုတ်တရက်ကြီး ဖြစ်လာတတ်ပါတယ်။ ပြီးတော့ ခေါင်းကိုက်ပျောက်ဆေးတွေ သောက်လို့လည်း သက်သာမသွားပါဘူး။ အချို့လူတွေက လည်ပင်းနာတာကိုပါ ခံစားကြရပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ခေါင်းတစ်ဘက်တည်းမှာ ကိုက်တာပဲဖြစ်ပြီးတော့ သွေးကြောဖောင်းပေါက်ထွက်တာကတော့ ခေါင်းနှစ်ဘက်စလုံးနဲ့ အနှံ့အပြားမှာ ပြင်းပြင်းထန်ထန် ကိုက်တာပါ။
သွေးကြောဖောင်းတာက အချိန်ကြာလာတာနဲ့အမျှ ကြီးလာတဲ့အတွက် အသက် ၄၀ မကျော်ခင်မှာ ပေါက်ထွက်တာ ရှားပါတယ်။ ပေါက်မထွက်မချင်းလည်း လက္ခဏာ မပြတတ်ပါဘူး။ ဒီတော့ တခြားရောဂါတစ်ခုခုကြောင့် ဦးနှောက်ကို စကင်ဖတ်ကြည့်မှသာပဲ ဒီရောဂါကို မထင်မှတ်ဘဲ တွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း သွေးကြောဖောင်းကြီးကြီးရှိတဲ့ လူအချို့မှာတော့ ခေါင်းကိုက်ခြင်း၊ အားနည်းလာခြင်း၊ အမြင်အာရုံ အခက်အခဲများကြုံရခြင်း စတဲ့ သတိထားရမယ့် လက္ခဏာလေးတွေ ပြတတ်ပါတယ်။ အများအားဖြင့်တော့ ပေါက်မထွက်မချင်း ဘာလက္ခဏာမှ မပေါ်ပါဘူး။
သွေးကြောဖောင်းပေါက်ထွက်ရတဲ့ အကြောင်းအရင်းအတိအကျကို မသိပေမယ့်လည်း အများအားဖြင့်တော့ မျိုးရိုးဗီဇနဲ့ ဆိုင်ပါတယ်။ မိသားစုဝင် ၂ ယောက်နဲ့အထက်မှာ သွေးကြောဖောင်းတာ ဖြစ်ဖူးတယ်ဆိုရင် ဒါက ဖြစ်နိုင်ချေများတဲ့အတွက် ဦးနှောက်စကင်ရိုက်ကြည့်ဖို့ လိုပါတယ်။ ဒါ့အပြင် စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း မလုပ်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ဆေးလိပ်သောက်ခြင်း စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ ဒီအချက်တွေကြောင့် ရောင်ရမ်းခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စရောများခြင်း စတာတွေဖြစ်ပြီးတော့ ဦးနှောက်သွေးကြောဖောင်းနိုင်ပါတယ်။
မိမိ (သို့) မိမိချစ်ခင်ရတဲ့သူတွေမှာ ဦးနှောက်သွေးကြောဖောင်းနေတယ်လို့ သံသယရှိတယ်ဆိုရင် အရေးပေါ်ဌာနကို ချက်ချင်းသွားပါ။ အသက်ကယ်နိုင်တဲ့ ခွဲစိတ်ကုသမှု နည်းလမး်တွေ ရှိပါတယ်။ ဒါပေမဲ့ အချိန်မီဖို့တော့ အရမ်းအရေးကြီးပါတယ်။ တကယ်လို့ ကိုယ့်မှာ တစ်ခါမှာ မခံစားဖူးတဲ့ ခေါင်းကိုက်တာကို ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုရင် အရေးပေါ်ကုသမှု ချက်ချင်းခံယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























