/
node/6112

အသည်း အဆီဖုံးတာ ကြောက်စရာလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အခုအချိန်မှာ ဇိမ်ကျတဲ့ အနေအထိုင်တွေ၊ လူတွေကို သက်သာစေတဲ့ အသုံးအဆောင်တွေ၊ အစားအသောက်တွေကြောင့် လူတွေက တဖြည်းဖြည်းချင်း အဝလွန်လာပြီး ရောဂါတွေ ဖြစ်လာကြပါတယ်။

          အဲဒီထဲမှာ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေကတော့ တကယ့်ပြဿနာတွေပါပဲ။ သိပ်ကို ဇိမ်ကျလွန်းပြီး လေ့ကျင့်ခန်း မလုပ်၊ အလှုပ်အရှား မရှိတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အသည်း အဆီဖုံးလာပါတယ်။

          အသည်းမှာ အဆီစုတာဟာ ကင်ဆာလည်းမဟုတ် အကျိတ်လည်းမဟုတ် တခြားရောဂါလည်း ပြင်းပြင်းထန်ထန် မဟုတ်တာကြောင့် လူတွေက ပေါ့ပေါ့ဆဆ ထားလိုက်ကြပါတယ်။

          တကယ်တော့ အသည်း အဆီဖုံးသူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုး၊ ဆီးချို စတဲ့ အန္တရာယ်ရှိ ရောဂါတစ်မျိုးမျိုးကို နောက်ခံပြုလျက် ရှိနေပါပြီ။

          အသည်းမှာ အဆီစုလာခြင်းဖြင့် နှလုံးသွေးကြောကျဉ်းမယ့် အန္တရာယ်၊ လေဖြတ်မယ့် အန္တရာယ်တွေဟာ လက်တစ်ကမ်းမှာ ရှိနေပါပြီ။ ခန္ဓာကိုယ်ထဲက အဆီဓာတ်ဟာ မသင့်တင့် မမျှတတဲ့အခြေအနေ၊ မဖြစ်သင့်တဲ့အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

          အာထရာဆောင်း ရိုက်ပြီး စစ်ဆေးလိုက်ရင်း အသည်း အဆီဖုံးတာ တွေ့တဲ့အခါ ပေါ့ပေါ့ဆဆ မနေကြစေကြောင်း ဆေးပညာရှင်များက သတိပေးလိုက်ပါပြီ။

          ရောဂါအနေအထား တစ်ခုခု မရောက်ခင် အမြန် ကာကွယ်ရပါတော့မယ်။

●        တီဗီရှေ့မှာ မထိုင်ပါနဲ့။

●        လမ်းလျှောက်ပါ။

●        ထမင်း လျှော့စားပါ။

●        အရွက်များများ စားပါ။

●        သံပရာရည်၊ ရှောက်ရည် သောက်ပါ။

●        သွေးတွင်းအဆီဓာတ် စစ်ဆေးပါ။

●        နှလုံးအီးစီဂျီ ရိုက်ထားပါ။

●        သွေးပေါင်ချိန်ပါ။

●        ဆီးချို စစ်ပါ။

          လိုအပ်သလို စားသောက်နေမှု ပြုပြင်လို့ အသည်းကို ကယ်တင်ရင်း မိမိခန္ဓာကိုယ်ကိုပါ ကယ်တင်ကြရအောင် ...။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)