အသစ်စက်စက် မိခင်တစ်ယောက်ရဲ့ မပြန်လမ်း
" မောင်ရေ.. ကျွန်မ မနေရတော့ဘူး ... ကျွန်မကိုယ် ကျွန်မ သိတယ် ... သားကို ဂရုစိုက်လိုက်နော် ... ကျွန်မလည်ပင်းက ဆွဲကြိုးကို ဖြုတ်လိုက်ပါဦး ... စိန်နားကပ်လေးပါ ဖြုတ်ပေးနော် ... ဆရာမရေ ... လုပ်ပါဦး ... မောလိုက်တာ ..."
လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က ဒေသန္တရ သားဖွားခန်းလေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု။
သူမရဲ့ မျက်နှာသွယ်သွယ် နုနုထွတ်ထွတ်လေးပေါ်မှာ ချွေးတွေ သီးနေတယ် ... တစ်ကိုယ်လုံး နတ်ဝင်သလို တုန်ယင်နေတယ် ... အတွေ့အကြုံ နည်းပါးလှတဲ့ သားဖွားဆရာမလေးဟာ ရင်တွေ တဒိုင်းဒိုင်း ခုန်လျက် ... သွေးလည်း မဆင်းဘူး ... မွေးတုန်းကလည်း အကောင်းကြီး ... ဘာတွေဖြစ်နေတာလဲ ... ကယ်ကြပါ ...။
========================================================
တောင့်တင်းသန်မာပုံရတဲ့ အမျိုးသားဟာ ဂျစ်ကားကို အာရုံစိုက်ပြီး မောင်းနေတယ်။ သူ့ရင်ထဲမှာတော့ ထိတ်လန့်နေတယ် အတိုင်းအဆမရှိ တုန်လှုပ်နေတယ်။
ညိုညိုသွယ်သွယ် သားဖွားဆရာမလေးဟာ လူနာရဲ့ နားကပ်နဲ့ ဆွဲကြိုးကို ဖြုတ်လိုက်ကာ ကားမောင်းနေသူ အမျိုးသားကို လှမ်းပေးလိုက်တယ်။ သူ့ရဲ့လက်တွေ ချွေးတွေပြန်နေပါ့လား။ ငါ့လူနာ မသေရဘူး။ ဘာမှမှ မဖြစ်နိုင်တာ၊ သားအိမ်လည်း လုံးကျစ်နေတာ၊ ထွေရာလေးပါး စဉ်းစားရင်း ခေါင်းတွေ ထူပူနေရှာရပါပြီ။
========================================================
" ခင်ရေ ... ဒီနေ့မွေးတဲ့သမီးက အချောဟေ့ "
" မမသီတာရေ ... ကောင်မလေးက အသားကို ဖွေးဆွတ်နေတာပဲ ... မျက်လုံးမျက်ခုံး ကောင်းလိုက်တာအေ ... တကယ့်ကတော်ရုပ်လေးနော် ... "
မန္တလေးမြို့ရဲ့ နယ်စွန်နယ်ဖျားက သားဖွားခန်းလေးထဲမှာ ကြည်ကြည်နူးနူး ရယ်သံလေးတွေ စီဝေနေပါတယ်။
သားဖွားခန်းထဲမှာတော့ မိခင်လောင်းလေးတစ်ယောက်ဟာ ပင်ပင်ပန်းပန်း နာကျင်မှုဒဏ်ကိုခံရင်း -
" ကလေး ထွက်လာပြီ ... သားလေးတော့ ..."
သားအိမ်လေးကို အသာအယာ ဆုပ်နယ်ပေးရင်း လက်အောက်ကနေ လုံးကျစ်လာတဲ့ သားအိမ်သားလေးကို စမ်းသပ်မိနေပါတယ်။
" တုတ်တုတ်ရေ ... ခင်ရေ ... လာကြဦး "
တုန်ယင်လှိုက်ကွဲနေတဲ့အသံ၊ ခင်တစ်ယောက် ထမင်းချိုင့်လေးကို ပိတ်လိုက်ပြီး မွေးခန်းထဲ ပြေးဝင်လိုက်တော့ မွေးပြီးကာစ မိခင်အသစ်စက်စက်လေးဟာ ဟောဟဲတက်အောင် မောနေပြီ။ အမောဖောက်ပြီး တက်မလို ချက်မလို ...
" အို ... ဘယ်လိုဖြစ်တာလဲ ... အောက်က သွေးဆင်းလား "
သွေးလည်းမဆင်းဘူး။ သွေးပေါင်က တောက်လျှောက် ထိုးကျနေတယ်။ သားအိမ်လေးကလည်း လုံးလို့ မာလို့၊ လူနာကို အောက်ဆီဂျင် ပေးကြပါ။ သားဖွားဆရာမလေးရဲ့ ခေါင်းထဲမှာ နိမိတ်မကောင်းတဲ့ အတွေးလေး ရိပ်ရိပ်လေး ပြေးသွားတယ်။ ကလေးကို အနားက ဖယ်လိုက်ပြီး စေ့စေ့စပ်စပ် စစ်ဆေးတယ်။ သူမ မောနေတယ်၊ သွေးခုန်နှုန်းတွေ မြန်နေတယ်။ ဆရာ၀န်ကို ချက်ချင်းဖုန်းဆက်လိုက်တယ်။
" ကားခေါ်လိုက်ပါ ... သူ့ယောက်ျား ဘယ်မှာလဲ ... ဆေးရုံ အခုသွားမယ် "
ခင်ရော ... သီတာရော ... သန့်ရှင်းရေးအဒေါ်ရော ... တက်သုတ်ရိုက်ပြီး ကလေးအမေကို ပွေ့ကြပါတယ်။
သူ့အမျိုးသား ဂျစ်ကားနဲ့ ရောက်လာပြီ။
" ... ကျွန်မတို့နဲ့ အခုလိုက်ခဲ့ ... "
ကားပေါ်မှာတော့ အမောဖောက်နေတဲ့ သားဖွားပြီးစ မိခင်တစ်ဦး။ အသက်ကို ခက်ခဲစွာ ရှူနေရတယ်။ နားကပ်နဲ့ ဆွဲကြိုးကို ဖြုတ်ဖို့ တွင်တွင်ပြောတယ်။ သူမ သားလေးကို ဂရုစိုက်ပါတဲ့။
ကားလေး ဆေးရုံဝင်းထဲချိုးအဝင် ဖွေးဥတဲ့လက်လေးတွေ အေးစက်သွားပြီ၊ တဆတ်ဆတ် တုန်နေတဲ့ နှုတ်ခမ်းလေးတွေ ငြိမ်သွားပြီ။ ပျော့ဖတ်ကျသွားပြီ။ သားဖွားဆရာမလေးကို မှီထားတဲ့ကိုယ်လုံး ကနွဲ့ကလျလေးဟာ သစ်တုံးတစ်တုံးလို စတင်လေးလံလာတာကို ခံစားလာရတယ်။ ဆရာမလေး တုန်တုန်ယင်ယင်နဲ့ မျက်ရည်တွေ ကျလာတယ်။ ငါ့လူနာ ဆုံးပြီ ...။
ခန့်ညားချောမောတဲ့ အမျိုးသားဟာ သူ့ခေါင်းသူ တွင်တွင်ထုတယ်။ လက်ထဲမှာ ရွှေဆွဲကြိုး မျှင်မျှင်လေးနဲ့ နားကပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ ... မပြန်လမ်းကို ... သူမ သွားရှာပြီ ...။
" ချောချောမွေ့မွေ့ မွေးဖွားလာတဲ့သားလေး ... ကျန်းမာသန်စွမ်းတဲ့မိခင် ... လှပချိုအေးတဲ့အသံလေး ... အပြုံးအေးအေးချမ်းချမ်း ... အရာအားလုံး ရုတ်ချည်းအကျည်းတန်သွားပြီ။ အညာနေက ဒီနေ့ကျမှ ပူလိုက်တာလေ ... ခြစ်ခြစ်ကို တောက်လို့ ... "
========================================================
ရေမြွှာရည် သွေးထဲ ရောက်တယ်ဆိုတာ အလွန့်အလွန် ရှားပါးတဲ့အဖြစ်ပါ။ မိခင်ပေါင်းတစ်သိန်းမှာ နှစ်ယောက်ခန့်သာ ဖြစ်ပါတယ်။ ကံဆိုးလွန်းလို့ ဖြစ်ကြပြီဆိုရင်လည်း သေဆုံးဖို့သာ ရှိပါတယ်။ အပေါ်က အဖြစ်လိုမျိုး သွေးပေါင်တွေ ထိုးကျလာပြီး မောလာကာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးရသလို သွေးတွေ အကြီးအကျယ် ဆင်းလာပြီး အတွင်းအဂါၤတွေ သွေးယိုစီး သေဆုံးရတာလည်း ရှိတတ်ပါတယ်။ အလွန်ကြောက်စရာကောင်းတဲ့ အဖြစ်ပါ။ ကာကွယ်လို့လည်းမရ၊ ကုသရင်လည်း သေဆုံးနိုင်ခြေ အလွန်များပါတယ်။
နောက်ဆုံး ဝမ်းနည်းစွာ ပြောရမှာကတော့ ရေမြွှာရည် သွေးထဲရောက်ရတဲ့ တိကျတဲ့ အကြောင်းရင်းကိုတော့ ရှာမရသေးပါဘူး။ အဲဒီလိုဖြစ်တဲ့မိခင်တွေဟာ မွေးပြီးတာနဲ့ အမောဖောက်လာပြီး ထူးဆန်းစွာ ရုတ်တရက် သေဆုံးသွားကြတာသာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























