/
node/6152

ဆီးချိုအကြောင်း သင်မသိသေးတဲ့အချက်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        ဆီးချိုဆိုတာကို ဟိုးရှေးရှေး ၁၅၀၀ ဘီစီလောက်ကတည်းက စတင်တွေ့ရှိခဲ့တာပါ။ မကြာခဏ ဆီးသွားတတ်တဲ့ လူနာတွေကို ဆီးချိုလို့ နာမည်တပ်ခဲ့တာ ဖြစ်ပါတယ်။

●        ဆီးချိုဟာ ကမ်ဘာ့လူသန်းပေါင်း ၄၀၀ ကျော်ကို ဒုက္ခပေးနေခဲ့ပြီ ဖြစ်ပါတယ်။ ဇိမ်ကျတဲ့ အနေအထိုင်တွေ၊ အဆီများတဲ့ အစားအသောက်တွေကြောင့် လူတွေ ဆီးချို ပိုဖြစ်လာကြပါတယ်။

●        ဆီးချိုရှိတဲ့ လူသုံးယောက်မှာ တစ်ယောက်က သူ့ကိုယ်သူ ဆီးချိုရှိမှန်း မသိပါဘူး။

●        လူတစ်ရာမှာ ငါးယောက်သာ အမျိုးအစား ၁ ဆီးချို ဖြစ်တာပါ။ ကျန်တာတွေက အမျိုးအစား ၂ ဆီးချိူ ရောဂါရှင်တွေပါတဲ့။

●        ခါတိုင်း ဆီးချိုမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်ကျမှ ကောက်ခါငင်ကာ ဆီးချို ဖြစ်တတ်ပါသေးတယ်။ သနေ္ဓဆီးချိုလို့ ခေါ်ပါတယ်။

●        ဆီးချိုရှိတဲ့သူတွေက မရှိတဲ့လူတွေထက် နှလုံးရောဂါ အဖြစ်များကြပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ စောစီးစွာ သေဆုံးစေပါတယ်။

●        အရွယ်မတိုင်ခင် မျက်စိကွယ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဆီးချိုရောဂါက ထိပ်ဆုံးက ပါနေပါတယ်။

●        အင်ဆူလင်ဆိုတာ အစွမ်းထက်မြက်တဲ့ဆေးပါ။ သောက်ဆေးနဲ့ မစဘဲ ထိုးဆေး အင်ဆူလင်နဲ့ စတင်ကုသရင်လည်း မကြောက်ပါနဲ့။ ပိုမိုလွယ်ကူရိုးရှင်းစွာ ဆီးချိုကျစေတဲ့ အာနိသင်ကောင်းတဲ့ထိုးဆေး ဖြစ်ပါတယ်။

●        ဆီးချိုရှိတဲ့လူတွေအတွက် အလွန်အကျိုးရစေတဲ့ အချက်ကတော့ အမြဲလှုပ်ရှား သွက်လက်နေတာပါ။ စိတ်ဖိအားကို လျော့ကျစေပြီး နေကောင်းစေတဲ့ အင်ဒိုဖင်တွေကို တက်လာစေတဲ့အတွက် တော်ရုံ နေမကောင်းတာလောက်တော့ အလွယ်တကူ ကျော်လွှားနိုင်ပါတယ်။

●        နေ့စဉ် ကိ်ုယ်လက်လှုပ်ရှားမှုလုပ်နေတဲ့ ဆီးချိုေ၀ဒနာရှင်တွေက သူများထက် နှလုံးကျန်းမာရေး ပိုကောင်းလာတဲ့အပြင် သွေးကြောကျဉ်းတာနဲ့ လေဖြတ်တာတွေကို ကာကွယ်ပြီး ဖြစ်နေပါတယ်။ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်တာက အထိရောက်ဆုံးပါ။

●        ညစဉ်ညတိုင်း အိပ်ရေးဝဝ အိပ်စက်သူတွေဟာ ဆီးချိုကို အကောင်းဆုံး အခြေအနေတွေမှာ ထိန်းထားနိုင်ပါတယ်။ တစ်နေ့ကို ၈ နာရီ အနည်းဆုံး အိပ်စက်ဖို့ လိုအပ်ပါတယ်။

●        နောက်ဆယ်နှစ်အတွင်းမှာ ဆီးချိုကြောင့် သေဆုံးသူတွေဟာ ငါးဆယ်ရာခိုင်နှုန်းထိ တက်လာနိုင်ပါတယ်။ ၂၀၁၆ ကနေ ၂၀၃၀  အတွင်းမှာ ဆီးချိုဖြစ်နှုန်းနဲ့ သေဆုံးနိုင်ခြေဟာ နှစ်ဆ တက်လာမှာ အသေအချာလို့ ခန်မှန်းထားကြပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)