/
node/6172

အဆုတ်ထဲ ကြက်ရိုး စိုက်မိတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         သြစတြေးလျမှာ အုတ်အော်သောင်းနင်း ဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ကတော့ အမျိုးသားတစ်ယောက်ရဲ့အဆုတ်ထဲ ကြက်ရိုး ဝင်သွားတာပါ။ မယုံမရှိနဲ့နော်။ တကယ်ကို လမ်းကြောင်း မှားပြီးတော့ ဝင်သွားတာပါ။ ပိုအံ့သြဖို့ကောင်းတာက အဆုတ်ထဲ စိုက်နေတာ ၅ ရက်လောက်ရှိမှ သိတာပါပဲ။

          အသက် ၇၈ နှစ်အရွယ်ရှိတဲ့ အမျိုးသားကြီးတစ်ယောက်ဟာ အစာ သီးပြီးတော့ အရေးပေါ်ကို ရောက်လာတယ်။ လည်ချောင်းထဲ တစ်ခုခုစိုက်နေသလိုပဲလို့ ဆရာဝန်ကို ပြောတယ်။ ဒါပေမဲ့ လည်ပင်းနဲ့ ရင်ဘတ် ဓာတ်မှန်မှာ ဘာမှမတွေ့ရဘူး။

          အဲဒါကြောင့် ဆရာဝန်က စိုက်နေတာ ပြန်ထွက်သွားလောက်ပြီဆိုပြီး ပြန်လွှတ်လိုက်တယ်။

          ဒါပေမဲ့ ၅ ရက်ကြာတဲ့အခါ အရေးပေါ်ကို ပြန်ရောက်လာတာပေါ့။ ဖျားပြီးတော့ အသက်ရှူ ကြပ်နေတယ်။ ပြီးတော့ အသက်ရှူလိုက်တိုင်း တစ်ရွှီရွှီ မြည်နေတာကိုလည်း ကြားရတယ်။

          ဒီတစ်ခါမှာတော့ ဆရာဝန်က CT ဓာတ်မှန် ရိုက်ကြည့်လိုက်တယ်။ ဒီကျတော့မှ ညာဘက် အသက်ရှူပိုက်ပြွန်မှာ ကြက်ရိုးတစ်ရိုး ဝင်နေတာကို တွေ့ရတော့တယ်။ အဲဒါကြောင့် ညာဘက်အဆုတ်ဟာ ကောင်းကောင်း လေမဝင်နိုင် ဖြစ်နေတာပါ။ ဒါပေမဲ့ လက္ခဏာတွေကတော့ အသေးအဖွဲပါပဲ။

 

>>    ဒီကြက်ရိုးက ဘာလို့ ၅ ရက်တောင် မသိဘဲ ဝင်နေရတာလဲ?

          လူကြီးတစ်ယောက်မှာ အပြင်က အရာပစ္စည်းတစ်ခုခု အသက်ရှူလမ်းကြောင်းထဲ ဝင်သွားရင် မသိဘဲ လနဲ့ချီပြီးတောင် နေနိုင်တယ်။ ၂၀၁၃တုန်းက ကနေဒါနိုင်ငံမှတ်တမ်းတွေမှာ အမျိုးသမီးတစ်ယောက်ဟာ အရိုးတစ်ရိုး လေပြွန်မှာပိတ်နေတာကိုမသိဘဲ ၂၂ နှစ်တောင် နေခဲ့တယ်လို့ ဖော်ပြထားတယ်။ ပြီးတော့ မနှစ်က အင်္ဂလန်က အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ယောက်မှာလည်း အရုပ်သေးသေးလေးတစ်ခု အသက်ရှူလမ်းကြောင်းထဲ ရောက်နေတာ နှစ်ပေါင်း ၄၀ လောက် ရှိပြီဖြစ်ကြောင်း သိရတယ်။

          ဒီလိုမသိရတာက ဝင်သွားတဲ့ပစ္စည်းက တော်တော်သေးတယ်ဆိုရင် လေလမ်းကြောင်းကို လုံးဝပိတ်သွားတာ မဟုတ်လို့ လက္ခဏာတွေက သိပ်မသိသာဘူး။ ပြီးတော့ ၈၀% လောက်ဟာလည်း ဓာတ်မှန်မှာ မတွေ့ရတတ်ဘူး။

          အရေးပေါ်ဆေးကုသ အထူးကုဆရာဝန်က ဒီလိုပြင်ပပစ္စည်းတစ်ခုခု မျိုမိပြီး အသက်ရှူရခက်တာ၊ အစာမျိုရခက်တာမျိုး မရှိဘူး၊ ဓာတ်မှန်မှာလည်း ဘာမှမတွေ့ဘူးဆိုရင် အိမ်ပြန်လွှတ်တာ မမှားဘူးလို့ ပြောပါတယ်။ တချို့ဆရာဝန်တွေကတော့ တစ်ခုခု ဝင်သွားတာကို သံသယရှိရင် ဓာတ်မှန်အပြင် CT ဓာတ်မှန်ပါ ရိုက်တတ်ကြတယ်။ ဒါပေမဲ့ လူနာအများစုက သူ့အလိုလိုပဲ ပြန်ထွက်သွားပြီး ဘာမှမဖြစ်တတ်တာ များပါတယ်။ လူအနည်းစုလောက်ကပဲ အဆုတ်ထဲ ပြင်ပပစ္စည်းရှိနေတဲ့ ဓာတ်ပြုမှုတွေ ပြတတ်ကြတာဖြစ်တယ်။

          ရောဂါရှာတာ နောက်ကျသွားရင် နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ပြင်ပပစ္စည်းကြောင့် ရောင်ရမ်းတာမျိုးတွေ ဖြစ်တတ်တယ်။

          သြစတြေးလျက အမျိုးသားကတော့ အဆုတ်မှန်ပြောင်းထည့်ပြီး ထုတ်လိုက်တော့ ပြန်သက်သာသွားပါတယ်။ ဆေးရုံ ၃ ရက်လောက်ပဲတက်ပြီး ပြန်ဆင်းသွားရပါသတဲ့။

Dr. Mya Phoo Ngon (www.drmyanmar.com)