ဦးနှောက်တွင်း သွေးခဲတဲ့အန္တရာယ်
ဦးနှောက်တွင်း အလိုလိုသွေးခဲတဲ့ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသူတွေရဲ့ ကိုယ်တွေ့ပါ။ သူ့နာမည်ကို " မေ " လို့ပဲ ခေါ်ကြပါစို့။
တစ်ရက်မှာ သူမဟာ မှန်ရှေ့ရပ်ရင်း ပါးတစ်ဖက်မှာ အလုံးတစ်ခု ထွက်နေသလို သူမရဲ့ပါးမှာ ဖောင်းနေသလို ဖြစ်နေတာကို မြင်လိုက်ရပါတယ်။
မေဟာ ဆရာဝန်ကို ချက်ချင်းပြသပြီး အာထရာဆောင်း ရိုက်ပါတယ်။ ကွက်ဖောင်းထွက်နေတဲ့ နေရာလေးက ဘာကြောင့်ဖြစ်တာလဲ?
အကျိတ်လည်း မတွေ့၊ ဒဏ်ရာလည်း မရှိ၊ နာလည်း မနာဘဲ သူ့ဟာသူ ဖောင်းကား ထွက်လာတဲ့ မျက်နှာက ဘုလိုနေရာလေးဟာ ဘာကြောင့်များလဲ?
ဆရာဝန်ပြပြီး နှစ်ရက်အကြာမှာ သူမဟာ ပြင်းထန်စွာ ခေါင်းကိုက်တာကို ခံစားလာရပါတယ်။ မခံမရပ်နိုင်တဲ့ ကိုက်ခြင်းမျိုး ဖြစ်ပါတယ်။ သူမခေါင်းတွေ မူးလာပြီး အန်ချလိုက်ပါတယ်။ ဆေးရုံကို အပြေးသွားလိုက်ပါတယ်။
ဆေးရုံရောက်တော့ သူမဟာ ဘယ်လိုမှ မခံနိုင်တော့အောင် ခံစားနေရပါပြီ။ အရေးပေါ်ဓာတ်မှန် ရိုက်ကူးပြီး အနာသက်သာဆေးတွေ ထိုးပြီးတဲ့အခါ သူမ ခဏနားနေခဲ့ပါတယ်။ အဖြေ စောင့်ရမယ်လေ။
သူမရဲ့မျက်နှာက ဖောင်းထွက်နေတဲ့နေရာလေးက ကြွက်သား ကြီးလာတာပါတဲ့။ မျက်နှာတစ်ဖက်က ကြွက်သားတွေက သိမ်သလို ဖြစ်သွားရာကနေ တစ်ဖက်က အလွန်အကျွံ ကြီးလာတာ ဖြစ်ပါတယ်။ သူမဦးနှောက်ထဲမှာ သွေးခဲပိတ်ဆို့သွားတဲ့အတွက် မျက်နှာတစ်ခြမ်းက ကြွက်သားတွေ သိမ်သွားတာ ဖြစ်ပါတယ်၊ ဆန့်ကျင်ဘက်အနေနဲ့ တစ်ဖက်က ကြီးလာ၊ ဖောင်းလာတာပါ။
ဓာတ်မှန်အဖြေ တိတိကျကျရတဲ့အခါ နောက်ထပ်သွေးခဲ သုံးလေးခုလောက် သူမရဲ့ဦးနှောက်ထဲမှာ တည်ရှိနေတာ တွေ့ခဲ့ကြပါတယ်။
သူမဟာ သွေးခဲပျော်ဆေး၊ သွေးကျဲဆေးတွေ ထိုးရသောက်ရပြီး ဆေးရုံကနေ ကျန်းကျန်းမာမာ ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ သွေးကျဲဆေးတစ်မျိုးကို ရေရှည် သောက်သုံးနေရမှာပါ။
သွေးခဲ လုံးဝပိတ်သွားတဲ့အခါ သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းက ပိတ်ဆို့မှုတွေ၊ အလုပ် မလုပ်တာတွေ ကာကွယ်ဖို့အတွက် အရေးပေါ် သွေးခဲကို ခွဲစိတ်ထုတ်ဖို့ပဲ လိုတတ်ပါတယ်။ ဒီကြားထဲမှာတော့ သူမဟာ သွေးကျဲဆေး သောက်ဆေးတစ်မျိုးနဲ့ပဲ သတိရှိရှိ အသက်ရှင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အကြောင်းရင်းမရှိဘဲ ခေါင်း အပြင်းအထန် ကိုက်မယ်ဆိုရင် ခန္ဓာကိုယ်က၊ မျက်နှာက ကြွက်သားတစ်ခုခု သိမ်သွားတာ၊ ကြီးလာတာတွေ ရှိခဲ့မယ်ဆိုရင် ဦးနှောက်တွင်း သွေးကြောရောဂါတွေကို ဂရုစိုက် စဉ်းစားစစ်ဆေးကြဖို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























