မိခင်နို့ရည်က ဘာအရောင်လဲ?
မိခင်နို့ရည်အရောင်တွေက အဝါရောင်၊ အဖြူရောင်၊ အကြည်ရောင်၊ နို့နှစ်ရောင်၊ သံချေးရောင်၊ အပြာနည်းနည်းဖောက်တဲ့အရောင်တွေ ရှိပါတယ်။ မိခင်စားတဲ့ အစားအစာအပေါ် မူတည်ပြီးတော့ နို့ရည်အရောင်က အစိမ်းရောင်၊ ပန်းရောင်၊ အနီရောင် သန်းနေတာမျိုးတွေကိုလည်း ကြုံရတတ်ပါတယ်။ တစ်ခါတလေတော့လည်း သွေးလေး နည်းနည်းရောသွားရင် နို့က အညိုရောင် (သို့) သံချေးရောင် ပြောင်းသွားပါသေးတယ်။
>> နို့ရည်အရောင် ပြောင်းလဲပုံအဆင့်ဆင့်
ကလေးမွေးပြီးတော့ ပထမအပတ် အနည်းငယ်အတွင်းမှာ နို့ရည်က ပြောင်းလဲမှုတွေက မြန်ပါတယ်။ နို့ရည်ထဲမှာပါတဲ့ အရာတွေ၊ ပမာဏတွေပဲ ပြောင်းတာ မဟုတ်ဘဲနဲ့ အရောင်လည်း ပြောင်းပါတယ်။ ပုံမှန်နို့ရည် ပြောင်းလဲပုံအဆင့်ဆင့်ကို ကြည့်ကြရအောင်။
● နို့ဦးရည် - ဒါကတော့ ခန္ဓာကိုယ်ကနေ ပထမဆုံးထွက်တဲ့ နို့ဦးရေပါ။ နို့ဦးရေကပမာဏ နည်းပေမယ့်လည်းပဲ အရမ်းကို အာဟာရဓာတ် ပြည့်ဝပါတယ်။ နို့ဦးရေက တစ်ခါတလေမှာ ကျဲပြီး ရေဆန်ဆန်နဲ့ ကြည်ကြည်လေး ဖြစ်နိုင်ပေမယ့်လည်း အများအားဖြင့်တော့ အဝါရောင် (သို့) လိမေ္မာ်ရောင် ရှိပြီးတော့ ပျစ်ပါတယ်။ နို့ဦးရည်ထဲမှာပါတဲ့ beta-carotene မြင့်မားတဲ့အတွက်ကြောင့် အဝါရင့်ရောင် ဖြစ်စေတာပါ။
● နို့ဦးရည်ကနေ ပြောင်းကာစအချိန် - နို့ရည်ကြည်ထွက်ပြီး ရက်နည်းနည်းကြာလာရင် နို့ရည်ထုတ်တာ များလာပြီးတော့ နို့ရည်လည်း ပြောင်းလဲလာပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ နို့ရည်အရောင်က အဝါရောင်ကနေပြီးတော့ အဖြူရောင် ပြောင်းလာပါတယ်။
● ရင့်လာတဲ့နို့ရည် - ကလေးမွေးပြီး ၂ ပတ်လောက် ကြာတဲ့အခါမှာတော့ ခန္ဓာကိုယ်ကထွက်တဲ့ နို့ရည်တွေက ရင့်သန်လာပါပြီ။ ဒီနို့ရဲ့အရောင်ကတော့ အဆီဘယ်လောက် ပါဝင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
● အစပိုင်းနို့ရည်- ယေဘုယျအားဖြင့်တော့ နို့ဦးရေကနေ ပြောင်းလာတဲ့နို့ရည်တွေ စထွက်လာချိန်မှာ ကျဲပြီးတော့ အဆီပါဝင်မှု နည်းပါတယ်။ ဒါကို အစပိုင်းနို့ရည်လို့ ခေါ်ပါတယ်။ ဒီနို့ရည်က ကျဲလို့ အရောင်ကြည်နိုင်သလို အပြာရောင် သန်းနေနိုင်ပါတယ်။
● နောက်ပိုင်းနို့ရည် - ကလေး နို့ဆက်တိုက်လာတဲ့အခါမှာ နို့ရည်ထဲမှာ အဆိီပါဝင်မှု များလာပြီးတော့ နို့က ပိုပျစ်လာပါတယ်။ အဖြူရောင် (သို့) အဝါရောင် နို့ပျစ်ပျစ်တွေဖြစ်လာပါတယ်။
တခြားနို့အရောင်တွေနဲ့ သူတို့က ဘာကိုဆိုလိုတယ်ဆိုတာကို ဆက်ပြီးလေ့လာကြည့်ကြရအောင်။
အာဟာရဖြည့်စွက်စာတွေ၊ တိုင်းရင်းဆေးတွေနဲ့ အချို့သောဆေးဝါးတွေကြောင့် နို့ရည်အရောင် ပြောင်းနိုင်ပါတယ်။ ဒီအရာတွေက မိခင်ရဲ့ဆီးအရောင်နဲ့ ကလေးဆီးအရောင်တွေကိုလည်း ပြောင်းလဲစေနိုင်ပါသေးတယ်။ နို့ရည် အရောင်ပြောင်းသွားတာတွေ့ရင် လန့်မသွားပါနဲ့။ အရောင်ပြောင်းတတ်တာ ပုံမှန်ပါပဲ။ စားတဲ့အစားအစာနဲ့ပဲ ဆိုင်ပြီးတော့ အန္တရာယ်မရှိပါဘူး။
● အစိမ်းရောင်နို့ရည် - အစိမ်းရောင် အစားအစာတွေနဲ့ အစိမ်းရောင် ဆိုးဆေးပါတဲ့ အစားအစာတွေကို စားရင် နို့ရည်လည်း အစိမ်းရောင် ပြောင်းသွားတာကို သတိထားမိနိုင်ပါတယ်။
● ပန်းရောင်၊ လိမေ္မာ်ရောင်နှင့် အနီရောင်နို့ရည် - ဒီလိုအရောင်ရှိတဲ့ အစားအစာတွေ၊ ဒိအရောင်ဆိုးဆေးတွေပါတဲ့ အစားအစာတွေပါရင် နို့ရည်ကလည်း ဒီအရောင်တွေ ပြောင်းသွားပါတယ်။ မုန်လာဥနီ၊ လိမေ္မာ်ဆိုဒါ၊ အနီရောင်နဲ့ လိမေ္မာ်ရောင်ရှိတဲ့ ဖျော်ရည်တွေကြောင့် နို့ရည်လည်း ဒီအရောင်တွေ ဖြစ်သွားနိုင်ပါတယ်။
● အညိုရောင်၊ သံချေးရောင်၊ သွေးရောင်သန်းနေသောနို့ရည် - ရင်သားထဲမှာရှိတဲ့သွေးက နို့ရည်ပြွန်ထဲကို စိမ့်ထွက်ရင် နို့ရည်က ဒီအရောင်တွေကို ပြောင်းသွားနီုင်ပါတယ်။ သံချေးရောင် ပေါက်နေရင် rusty pipe syndrome လို့ ခေါ်ပါတယ်။ နို့သီးခေါင်းကွဲနေရင်လည်း နို့ထဲကို သွေးတွေ ဝင်သွားပြီး ပန်းရောင် (သို့) အနီရောင်သန်းတဲ့နို့ရည်ကို ဖြစ်စေပါတယ်။ နို့ရည်ကို လွှင့်ပစ်တာ ကလေးနို့တိုက် ရပ်လိုက်တာတွေလုပ်ဖို့ မလိုပါဘူး။ နို့ရည်ထဲမှာ သွေးနည်းနည်းလေး ပါသွားတာက ကလေးအတွက် အန္တရာယ်မရှိပါဘူး။ အများအားဖြင့်တော့ သွေးထွက်တာက ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်သွားလေ့ရှိပါတယ်။ တကယ်လို့ တစ်ပတ်ကျော်တဲ့အထိ မပျောက်ဘဲ ဆက်ရှိနေရင်တော့ ဆရာဝန်ပြကြည့်ပါ။
● နို့ရည် အမည်းရောင် - minocin (minocycline) ဆိုတဲ့ ပိုးသတ်ဆေးကြောင့် နို့ရည်အမည်းရောင် ဖြစ်သွားတတ်ပါတယ်။ ဒီဆေးက အသားအရေကိုလည်း မည်းသွားစေနိုင်ပါတယ်။ ကလေး နို့တိုက်တဲ့မိခင်တွေမှာ ဒီဆေး မသောက်သင့်ပါဘူး။ ဒါကြောင့် တစ်ခုခုကြောင့် ဆေးခန်းသွားပြရင် နို့တိုက်မိခင်ဖြစ်ကြောင်း ဆရာဝန်ကို ပြောပြထားပါ။
>> သိမ်းဆည်းထားတဲ့နို့ရည်
နို့ရည်ကို ညှစ်ပြီးတော့ သိမ်းထားရင်လည်း အရောင်နည်းနည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် နို့ရည်က အလွှာတွေကွဲသွားပြီးတော့ အပေါ်ပိုင်းမှာ အဖြူရောင်/အဝါရောင် အလွှာပျစ်ပျစ်နဲ့ အောက်ပိုင်းမှာ အကြည်ရောင်/ အပြာရောင် သန်းနေတဲ့ နို့ရည်ကျဲကျဲဆိုပြီး အလွှာကွဲသွားပါတယ်။ ဒီအတွက် စိုးရိမ်စရာ မလိုပါဘူး။ ဒါက ပုံမှန်ပါပဲ။ ဒီနို့ရည်ကို ပြန်တိုက်တော့မယ်ဆိုရင် အောက်ခြေကို သေချာမွှေပြီး ရောပေးပါ။ အခဲခန်းထဲမှာထားရင်လည်း နို့ရည်အရောင်က ပိုပြီးဝါလာတတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်သွားပြဖို့လိုမလဲ?
အများအားဖြင့်တော့ နို့ရည်အရောင်ပြောငး်ထာက စားလိုက်တဲ့ အစားအစာကြောင့် ဖြစ်ပြီးတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမဲ့လည်း နို့ရည်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး တစ်ခုခု စိတ်ပူတယ် ဆိုရင်တော့ ဆရာဝန်ပြဖို့ ဝန်မလေးပါနဲ့။ ဆရာဝန်က သင့်ရဲ့စိုးရိမ်မှုတွေကို သေချာနားထောင်ပြီးတော့ ဆန်းစစ်ကာ သင့်တော်တဲ့အကြံဉာဏ်နဲ့ လိုအပ်ပါက ကုသမှုတွေ ပေးပါလိမ့်မယ်။
တကယ်တော့လည်း အချို့သောမိခင်တွေအနေနဲ့ နို့ရည်ကို ညှစ်မကြည့်မချင်း၊ ကလေးက နို့ပြန်အန်ထွက်တာကို သတိမထားမိမချင်းမှာ နို့ရည်အရောင်ပြောင်းတာကို သတိထားမိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အတွေ့အကြုံမရှိတဲ့အခါ သတိထားမိရင် စိတ်ပူတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ နို့ရည်ပြောင်းတတ်တဲ့ အကြောင်းလေးတွေကို သေချာသိထားမယ် ဆိုရင်တော့ မေမေတွေ စိတ်အေးကြရမှာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)




























