သွေးခဲတစ်ခုရဲ့ နောက်ဆက်တွဲ
ဆန်ဒရာက လှလှပပ ကျန်းကျန်းမာမာ မိခင်တစ်ယောက်ပါ။ အခုချိန်မှာတော့ သွေးကျဲဆေးတစ်မျိုးကို နေ့စဉ်ထိုးနှံရင်း ဘဝကို ဖြတ်သန်းနေရှာပါတယ်။ သူ့မရဲ့ သွေးပြန်ကြောမကြီးထဲမှာတော့ တစ်စတစ်စ ကြီးထွားနေတဲ့ သွေးခဲတစ်ခဲ ပိတ်ဆို့နေပါတယ်။
>> အဲဒီသွေးခဲ ဘယ်လိုဖြစ်လာပါလိမ့်?
ချစ်စရာသားလေးကို ကိုယ်ဝန်ဆောင်တုန်းက အာထရာဆောင်းရိုက်ကြည့်တော့ ကလေးက ကောင်းပေမယ့် အချင်းရှေ့ရောက်နေတယ်။ စွန့်စားပြီး ရိုးရိုးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မွေးပြီး အိမ်ပြန်လာတဲ့ နှစ်ရက်အတွင်း ခြေထောက်တွေ ပျော့လာတယ်။ အားယုတ်လာတယ်။ ရုတ်တရက် မတ်မတ်မရပ်နိုင်တော့ဘူး။
ဆေးရုံကို ချက်ချင်းပြန်လည်ပြသတဲ့အခါ သူမရဲ့သားအိမ်ထဲမှာ အချင်းကျန်နေပြီး ပိုးဝင်နေပါသတဲ့။ ဒါ့အပြင် ထိတ်လန့်စရာက သွေးပြန်ကြောမကြီးထဲမှာ သွေးခဲပိတ်နေသတဲ့။ သွေးပြန်ကြောထဲမှာ ဆန်ခါလေး တပ်ပေးထားတာတောင် သူမဟာ အချိန်မရွေး အန္တရာယ်ဖြစ်ဖို့ အလားအလာ အလွန်များနေပါတယ်။ သွေးခဲဟာ ခြောက်လက်မခန့်ရှိနေပြီး နောက်ထပ် ထပ်ကြီးထွားဖို့ အန္တရာယ်ရှိနေပါတယ်။ အချင်းကျန်တာကို ခွဲစိတ် ဖယ်ထုတ်လိုက်ပေမယ့် ဒီသွေးခဲအတွက် သွေးကျဲဆေးပေးတာအပြင် ကုသဖို့နည်းလမ်း ကုန်နေပါပြီ။
ကံကောင်းတာက သဘာဝရဲ့စွမ်းပကားပါ၊ သွေးပြန်ကြောမကြီးမှာ ခြောက်လက်မ သွေးခဲပိတ်ဆို့နေပေမယ့် ဘေးကနေ သွေးပြန်လွှတ်ပေးမယ့် အကူသွေးကြောလေးတွေ အလိုအလျောက် ပေါ်လာပြီး သူမကို ဆက်လက် အသက်ရှင်စေခဲ့ပါတယ်။ အံ့ဖွယ်ကာကွယ် ကုသပေးနေတဲ့ သဘာဝပါ။ ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ကို ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာ လျှော့တွက်လို့ မရပါဘူး။
ဆန်ဒရာက သွေးကြောအပိုလေးတွေ ကျေးဇူးနဲ့ သွေးကျဲဆေးအကူအညီနဲ့ ကျန်းမာနေပေမယ့် တခြားမိခင်လောင်းတွေကိုတော့ ဒီလို သွေးခဲစေတတ်တဲ့ရောဂါတွေ အန္တရာယ်တွေအကြောင်းကို တစ်ချိန်လုံး တပ်လှန့်ပေးနေပါတယ်။ သူမဟာ သွေးခဲနဲ့အတူ အသက်ရှင်နေတဲ့ ခိုင်မာတဲ့အမျိုးသမီးပါ။ သနေ္ဓတားဆေးတွေ၊ ကိုယ်ဝန်ဆောင်တာ၊ တခြားကိုယ်တွင်း သွေးခဲအန္တရာယ်တွေဟာ မထင်မှတ်တဲ့အချိန်မှာ ပေါ်ပေါ်လာပြီး ပြဿနာကောင်းကောင်း ပေးနိုင်နေတာကို သတိပြုမိကြဖို့ အသိပေး မျှဝေလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























