/
node/6253

လည်ချောင်းကင်ဆာကို အနိုင်ယူခဲ့တဲ့ တကယ့်သဘာ၀ဆေးဝါးတစ်ရပ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကင်ဆာလို့ အမည်တပ်လိုက်တာနဲ့ အရင်ကနဲ့ မတူအောင် တုန်လှုပ်မှုကို ခံစားနေရသူတွေ ... ဒါဟာ အဆုံးသတ် မဟုတ်ဘူးလို့ အခါခါတွေးရင်း စိတ်အားကိုယ်အား ပြန်လည်တည်ဆောက်နေရသူတွေအတွက် အားဆေးတစ်ခွက် တိုက်ပေးပါရစေ ... ဖတ်ကြည့်နော် ...။

          လည်ချောင်းထဲမှာ ကင်ဆာကျိတ်လို့ ထင်ရတဲ့ အကျိတ်တစ်ခု တွေ့နေရတဲ့သတင်းက လူတစ်ယောက်ကို အလွန်တုန်လှုပ်စေပါတယ်။ သူ့နာမည်ကို ဂျွန်လို့ပဲ ခေါ်ကြပါစို့။

          လည်ချောင်းနာတာ၊ အသံအက်တာတွေ မကြာခဏ ခံစားရပြီးနောက်မှာတော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုခံယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

          အိပ်မရတဲ့ညတွေ ဖြတ်သန်းပြီးနောက် လည်ချောင်းအကျိတ်ကနေ အသားစယူပြီး စစ်ဆေးကြပါတယ်။ ကင်ဆာမှန်း သေချာနေခဲ့ပါပြီ။

          ဆရာဝန်နဲ့အဖွဲ့ဟာ လူနာကို ကုသမှုတွေနဲ့ ပတ်သက်လို့ စနစ်တကျ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်အပြီးမှာ သူဟာ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ အသက်ရှင်ဖို့ ဖြစ်တဲ့နည်းနဲ့ ကြိုးစားတော့မယ်။

          ကင်ဆာဆေးသွင်းတဲ့ရက်ကို ရောက်ခဲ့ပါပြီ။ ဆေးသွင်းပြီး နှစ်ပတ်ကျော်အကြာ ဂျွန်ရဲ့ ဆံပင် စကျွတ်လာပါတယ်။ ခေါင်းအုံးပေါ်မှာ အထွေးလိုက်ဆံပင်တွေကို မိသားစုက အသာသိမ်းဆည်းကြပေမယ့် တုန်လှုပ်စရာ အမှန်တရားကို မဖုံးကွယ်နိုင်ပါဘူး။

          အာတွေ၊ လျှာတွေ ကွဲလာတယ်။ ဆေးသွင်းတဲ့နေရာက အသားတွေ ကြွေကျတော့မလို ရောင်ကိုင်းပြီး ပျော့တွဲလာတယ်။ အသားအရေတွေ နွမ်းခြောက်လာတယ်။

          အဆိုးဝါးဆုံးကတော့ မခံမရပ်နိုင်အောင် ဆက်တိုက် ပျိုအန်လာတာ ဖြစ်ပါတယ်။ ပျို့အန်တာက သေချင်စော်နံအောင် ဆိုးပါတယ်။

          လောကကြီးက နေ့စဉ် အရောင်အဆင်းမရှိတော့သလိုပါပဲ။ မနက်မိုးလင်းလာတိုင်း အထိတ်တလန့်နဲ့ နွမ်းနယ်မှုရယ် သေချင်တယ်ဆိုတဲ့ ခံစားချက်ဆိုတာကိုပဲပေးနိုင်တဲ့ ကင်ဆာဆေးတွေပါ။

          ဆေးသွင်းပြီးတဲ့အခါ အကျိတ်က ဆေးကို သိသိသာသာ တုန့်ပြန်ပြီး ကျုံ့သွားခဲ့ပါပြီ။ ဆရာဝန်တွေက ကျန်ရှိအကျိတ်အစိတ်အပိုင်းက ပတ်ပတ်လည် အမာရွတ်တွေကို ခွဲစိတ်ဖြတ်တောက် ဖယ်ရှားခဲ့ပါတယ်။

          ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ဂျွန် တစ်ယောက် ပြန်လည်ထူထောင်လာခဲ့ပါပြီ။

          ကင်ဆာကို အနိုင်တိုက်နိုင်ခဲ့တာကို အမျိုးမျိုး ထင်ကြေးပေးကြပါတယ်။ စောတွေ့တာကြောင့်လား၊ ဆေးကောင်းလို့လား၊ ခွဲတဲ့ဆရာဝန်တော်လို့လား ပေါင်းစုံပေါ့။

          တကယ်တော့ ကင်ဆာကို အနိုင်တိုက်တဲ့ဆေးကတော့ မဖြစ်မနေ ကုမယ်ဆိုတဲ့စိတ်ထား၊  အသက် ရှင်ကိုရှင်ရမယ်ဆိုတဲ့ အားမာန်သာ ဖြစ်ပါတယ်။ စောစောကတည်းကသာ အားပြတ်နေခဲ့ရင် သူ အသက်ရှင်ပါ့မလား ... သဘာ၀ရဲ့စွမ်းအင်နဲ့ ကံတရားကို လျော့တွက်လို့ လုံး၀မရပါဘူး။

           “ သင်ဟာ သင်ထင်တာထက် ပိုမိုသန်မာပါတယ် ... လမ်းဆုံးပြီလို့ ထင်တဲ့အချိန်တိုင်းမှာ သင့်ခန္ဓာကိုယ်၊ နှလုံးသားနဲ့ ဦးနှောက်ဟာ ပိုမိုခိုင်မာ တောင့်တင်းတဲ့ အခြေအနေတခုအဖြစ် အသွင်ပြောင်းပြီး ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ဖန်တီးပေးမှာပါ ... ဒါကြောင့် ရောဂါကို အလွယ်တကူ ဦးမညွတ်လိုက်ပါနဲ့ ...”

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)