/
node/6273

နေရောင်ခြည်ရဲ့ ကောင်းကျိုးတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         နေရောင်ခြည် လှုံတာက ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း နေလောင်ဒဏ်တွေ၊ အပူကြောင့်ဖြစ်တဲ့အကွက်တွေ၊ အသားအရေ တွန့်တာတွေနဲ့ အရေပြားကင်ဆာတွေကို မဖြစ်စေဖို့အတွက် သတိနဲ့ယှဉ်ဖို့တော့ အရေးကြီးပါတယ်။

 

>>    နေရောင်ခြည်ရဲ့ကောင်းကျိုးတွေ

၁။     နေရောင်ခြည်နဲ့ ထိတွေ့ခြင်းအားဖြင့် စိတ်ခံစားချက်တွေကို ကောင်းမွန်စေတယ်။

          နေသာတဲ့နေ့ရက်တွေက နေလို့ထိုင်လို့ ကောင်းပြီးတော့ အားအင်တွေကို ပြည့်ဝစေသလို စိတ်ခံစားချက်တွေကို ကောင်းမွန်စေတဲ့ serotonin ပမာဏကိုလည်း တက်စေပါတယ်။ ဒီ serotonin က နွေရာသီမှာ အမြင့်မားဆုံးပါပဲတဲ့။

 

၂။     ရာသီလိုက်ဖြစ်တဲ့ စိတ်ကျဆင်းမှုတွေကို သက်သာရာရစေပါတယ်။

          နေရောင်ကိုမမြင်ရတဲ့ ဆောင်းတွင်းတွေက တချို့လူတွေမှာ စိတ်ကျဆင်းမှုကို အားပေးပါတယ်။ စိတ်ခံစားချက် မကောင်းတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မပြောချင်မဆိုချင်ဖြစ်တာ၊ အစား အလွန်အကျွံ စားတာ၊ ပင်ပန်းနွမ်းနယ်တာတွေနဲ့ အရမ်းအိပ်တာတွေက နေမမြင်ရတဲ့ ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့လက္ခဏာတွေပါ။ ဒါတွေက ပူနွေးတဲ့နေခြည်ဖြာတဲ့ ရာသီဥတုတွေမှာ ဖြစ်တာရှားပါတယ်။

 

၃။     စိတ်ဖိစီးမှုတွေကို သက်သာစေတယ်။

          မိသားစုကြောင့်၊ အလုပ်၊ ကျန်းမာရေးစတဲ့ ပြဿနာအမျိုးမျိုးကြောင့် လူတိုင်းလူတိုင်းမှာ စိတ်ဖိစီးမှုတွေ ရှိကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ပြေလျော့စေတဲ့ ဝါသနာပါတဲ့အလုပ်တွေ၊ ခွေးကလေးနဲ့ လမ်းလျှောက်တာ၊ နေခြည်နွေးနွေးလေးနဲ့ ထိတွ့ပြီး လတ်ဆတ်တဲ့လေလေးတွေကို ရှူရှိုက်တာတွေက စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။

 

၄။     အိပ်ကောင်းစေပါတယ်။

          နေရောင်ခြည်နဲ့ ထိတွေ့မှုက အိပ်စက်ခြင်းဆိုင်ရာ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ melatonin ထွက်တဲ့ပမာဏနဲ့ ဆက်စပ်နေပါတယ်။ မှောင်တဲ့အခါမှာ melatonin တွေ ထွက်လာပြီးတော့ အမှောင်ချပြီး ၂ နာရီလောက်အတွင်းမှာ အိပ်ပျော်သွားလေ့ ရှိပါတယ်။ နွေရာသီမှာ နေရောင်ပိုရတော့ လူက အိပ်ချင်စိတ် ပျောက်နေတတ်ပါတယ်။

 

၅။     ဗီတာမင် D ကို ပေးစွမ်းနိုင်တယ်။

          ဗီတာမင် D ဆိုတာကတော့ အရိုးတွေ သန်မာအောင်ထိန်းသိမ်းရာမှာ အရေးပါ,ပါတယ်။ ဒီဗီတာမင်ကို နေရောင်နဲ့ ထိတွေ့ခြင်းအားဖြင့် ရရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း အချိန်အကြာကြီးတော့ နေရောင်မခံသင့်ပါဘူး။ တစ်နေ့ကို ၁၅ မိနစ်လောက် နေရောင်ခံရင် လုံလောက်ပါပြီ။

Dr. Mya Myo Myo Swe (www.drmyanmar.com)