/
node/6358

ကိုယ်ဝန်ဆောင်ချိန်က နိမိတ်ဆိုးတစ်ခုကို ထိပ်တိုက်ကြုံခဲ့ရသော သေရွာပြန်မိခင်တစ်ယောက်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်သည်လေး စတက်ဖနီဟာ ခင်ပွန်းရဲ့လက်ကိုတွဲလို့ အေးဆေးစွာပဲ လမ်းလျှောက်နေပါတယ်။ ညနေခင်းလေးက သာသာယာယာရှိလှပါရဲ့။ သစ်ပင်တွေ ၀န်းရံနေတဲ့ ရေကန်လေးထဲမှာ ရေပန်းလေး ရှိပါတယ်။ မိန်းမချောလေးဟာ ဗိုက်ကိုပွတ်ရင်း ရေပန်းလေးကို အမှတ်မထင် လှမ်းကြည့်လိုက်ပါတယ်။ အို ... ရေပန်းက ကျနေတာက ရေတွေမဟုတ်ဘဲ သွေးတွေပါလား...။ သူမ အရမ်းလန့်သွားပြီး မျက်နှာလွှဲချလိုက်ကာ တစ်ခေါက် ပြန်ကြည့်လိုက်ပါတယ်။ ရေပန်းလေးက ရေတွေကတော့ အေးအေးဆေးဆေး စီးဆင်းနေဆဲ ... အေးမြတယ်၊ ကြည်လင်နေတယ် ...။

          သူမဟာ အထိတ်တလန့်ဖြစ်နေတဲ့ ခံစားချက်ကို မဖုံးကွယ်နိုင်ပါဘူး။

          လွန်ခဲ့တဲ့အပတ်ကပဲ အာထရာဆောင်း ဓာတ်မှန်ရိုက်ကူးခဲ့ပြီး အချင်းရှေ့ရောက်နေမှန်း သိခဲ့ရတယ်လေ။  ခွဲမွေးဖို့အတွက် ရက်ယူထားပါပြီ။

          သူမရဲ့ တုန်လှုပ်မှုဟာ ကြောက်စရာကောင်းတဲ့ နိမိတ်ဆိုးပေါ် အခြေခံခဲ့တာပါ။

          ရေပန်းကနေ စီးကျနေတဲ့သွေးတွေဟာ ဘာတွေလဲ ... သူမ အမြင်မှားတာ ဖြစ်ပါစေ ...။

          စတက်ဖနီဟာ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး သူမ မွေးတဲ့အခါ သွေးလှူပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ သူမဟာ နေ့ည အထိတ်တလန့်ဖြစ်နေပြီး စိုးရိမ်သောကတွေ သိပ်များနေလို့ ခင်ပွန်းနဲ့ မိတ်ဆွေအသိုင်းအဝိုင်းက ရူးများသွားပြီလားတောင် ထင်ကောင်းထင်နိုင်ကြမှာပါ။ သူမရဲ့ အပူဟာ နေရာတိုင်းမှာ ရိုက်ခတ်ပါတယ်။

          ခွဲမွေးရက်မရောက်မီ တစ်ပတ်အလို သွေးတွေ ဆင်းလာပါပြီ။ သူမရဲ့ ကြောက်ရွံ့မှုကတော့ မပြောပြတတ်အောင်ပါပဲ။ ရေပန်းက သွေးတွေ စီးကျနေတာကိုပဲ တောက်လျှောက် မြင်နေမိတယ်။

           “ ဘုရားသခင် ... သွေးတွေ ဆင်းလာပြီ ... ကယ်တော်မူပါ ...”

          သူမကို ခွဲခန်းထဲထည့်ပြီး ကလေးကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပါတယ်။

          စတက်ဖနီရဲ ့အတိတ်နိမိတ်ဆိုးဟာ သူမကို စတင်ရိုက်ခတ်လာပါပြီ။

●        စတက်ဖနီတစ်ယောက် မွေးပြီး ရုတ်တရက် တက်သွားပါတယ်။

●        သူမ အသက်ရှူ ရပ်သွားပါပြီ။

●        သူမရဲ့အချင်းဟာ သားအိမ်ထဲမှာ မြဲမြံစွာ အမြစ်တွယ်နေပြီး ရေမြွှာရည်ဟာ သွေးထဲကို ရောက်ရှိသွားပါတယ်။

●        ရေမြွှာရည်ဟာ သွေးနဲ့ မတည့်တာကြောင့် အပြင်းအထန် သွေးပေါင် ထိုးကျသွားပြီး သွေးတွေ အကြီးအကျယ် ဆင်းလာခဲ့ပါတယ်။

●        နောက်ဆုံး သားအိမ်ကိုပါ ခွဲစိတ်ထုတ်လိုက်ရပါတယ်။

●        သူမကို ကယ်တင်ဖို့ သွေးပေါင်း အလုံးခြောက်ဆယ် သွင်းခဲ့ရပါပြီ။

●        သူမ သတိလစ်နေခဲ့ပါပြီ။

 

          ဆေးအဖွဲ့ရဲ့ အပြင်းအထန် ကြိုးစားကုသမှုနဲ့ သူမ နောက်ဆုံးတော့ အသက်ရှင်လာခဲ့ပါတယ်။ လပေါင်းများစွာ ဆေးရုံပေါ်နေခဲ့ရပြီး ကြောက်ရွံ့မှုတွေ၊ စိတ်သောကတွေနဲ့ ရုန်းကန်နေခဲ့ရရှာပါတယ်။

          သူမတစ်သက် မမေ့နိုင်တော့တဲ့ အချိန်တွေကတော့ သေမင်းတံခါးဝမှာ နေခဲ့ရတဲ့လတွေပါ။

          သူမ ငရဲကို ရောက်ဖူးပြီ။ ဒါက တကယ့် လူ့ငရဲ ...

           “ ခွဲခန်း ... ရေမြွှာရည် ... သွေးပုလင်း ... အဆက်မပြတ် ဆင်းနေဆဲ သွေးနီနီရဲရဲတွေ ...”

          သူမ ပြန်လည်ထူထောင်ဖို့ နှစ်ချီကြာခဲ့ပါတယ်။ ချစ်စရာသားလေး ဂျက်က သူမဘေးမှာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လို့။

          စတက်ဖနီဟာ သူမရဲ့အတွေးတွေ ကြိုသိနိုင်စွမ်းတွေ နိမိတ်တွေကြောင့် အမြဲသတိရှိနေပြီး သွေးဆင်းတာနဲ့ ဆေးရုံ တန်းသွားခဲ့ပါတယ်။ သူမဟာ မိတ်ဆွေတွေကို ဖုန်းဆက်ပြီး သူမ မီးဖွားစဉ် သွေးလိုတဲ့အခါ လှူပေးဖို့ အကုန်ဆက်သွယ်ထားခဲ့တာပါ။ သူမ တကယ်လည်း သွေးအလုံးပေါင်း ခြောက်ဆယ် သွင်းခဲ့ရပါတယ်။

          ရေမြွှာရည် သွေးထဲ ရောက်တယ်ဆိုတာ မိခင်လေးသောင်းမှာ တစ်ယောက်သာဖြစ်တဲ့ ရှားပါးရောဂါပါ။ ဘာလက္ခဏာမှမပြဘဲ ရုတ်တရက် ဖြစ်သွားတာပါ။ သေဆုံးနိုင်ခြေ အလွန်မြင့်ပါတယ်။   မိခင်တွေ သတိထားဖို့ ဒီဇာတ်လမ်းလေးကို တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)