အမျိုးသမီးများနှင့် နှလုံးရောဂါ အလားအလာ
အမျိုးသမီးတွေမှာမှ ထူးထူးခြားခြား နိမိတ်ပြတတ်တဲ့ နှလုံးရောဂါလက္ခဏာနဲ့ အလားအလာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
● နှလုံးသွေးကြောပိတ်ရင် လူတိုင်းမှာတော့ ရင်ဘတ်အောင့်တတ်ကြပေမယ့် အမျိူးသမီးတွေ ဆိုရင်တော့ ပျို့အန်တာ၊ မောတာနဲ့ မူးတာလေးတွေပါ တွဲလာတတ်ပါတယ်။
● အမျိုးသမီးတွေ ရင်ဘတ် အကြီးအကျယ်အောင့်ရင် သွေးကြောတွေ ကွဲအက်ခြင်းလို့ခေါ်တဲ့ ရှားပါးအခြေအနေတစ်ခု ဖြစ်နေတတ်ပါသေးတယ်။
● စိတ်ဖိစီးနေတဲ့ အမျိုးသမီးတွေမှာ စိတ်ဖိအားဒဏ်ကြောင့်ဖြစ်တဲ့ နှလုံးအားနည်းရောဂါ ရှိတတ်ပါတယ်။ ရင်ဘတ်အောင့်ပြီး အရမ်းမောလာတတ်တာမျိုးပါ။
● သွေးဆုံးပြီး အမျိူးသမီးတွေမှာ ကိုလက်စထရောများလာပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ဖို့ အလားအလာ ပိုတက်လာပါတယ်၊ သွေးဆုံးပြီးအမျိုးသမီးတိုင်း အဆီအအိမ့်အငန်ရှောင်လို့ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ထားကြရအောင်ပါ။
● ငယ်ရွယ်စဉ်မှာ သွေးလေးဖက်နာလို့မျိုး ခံစားဖူးပြီး ဆေးတွေစွဲသောက်ဖူးသူမှာ နှလုံးရောဂါဖြစ်ဖို့ အခြေအနေ ပိုများလာပါပြီ။
● စိတ်ဓာတ်ကျဆင်းတာ အထီးကျန်တာနဲ့ နှလုံးသွေးကြောရောဂါတွေက ဆက်စပ်လျက် ရှိပါတယ်။ ခံစားမှုလွယ်တဲ့ အမျိုးသမီးတွေ သတိထားကြဖို့ပါ။ လေ့ကျင်ခန်းလုပ်ရင်း လူမှုရေးလှုပ်ရှားရင်း အထီးမကျန်အောင် ကာကွယ်ထားခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်ကြရအောင်။
● ဆီးချိုရှိတဲ့ အမျိုးသမီးတိုင်းမှာ နှလုံးရောဂါဖြစ်ဖို့ အခြေအနေ နှစ်ဆတက်သွားပါပြီ။ ဝိတ် ထိထိရောက်ရောက်ချခြင်းက ကောင်းမွန်တဲ့နည်းလမ်းပါ။
● ဗိုက်ထွက်နေတာက အလှပျက်ရုံတင်မကဘဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေပါသေးတယ်။ ဗိုက်ချပ်စေဖို့ အစားရှောင် လေ့ကျင့်ခန်းလုပ်ရင်း နှလုံးအန္တရာယ်အသွယ်သွယ်ကို ကာကွယ်ထားရအောင်။
● မိခင်၊ ဖခင်၊ ညီအကို၊ မောင်နှမတွေမှာ အသက် ၆၅ ကျော်တာနဲ့ နှလုံးရောဂါဖြစ်ဖူးရင် ကိုယ်လည်းဖြစ်ဖို့ အခြေအနေများပါပြီ။ ကျန်းမာရေးဆေးစစ်ချက် ခြောက်လတစ်ခါ ပြုလုပ်ပါ။
● သွေးတွင်း ကိုလက်စထေရော ပမာဏကို မှန်မှန်စစ်ဆေးပြီး သင့်တော်တဲ့အာဟာရနဲ့ အနေအထိုင် ပြောင်းလဲမှုတွေလုပ်ခြင်းဖြင့် သွေးကြောရောဂါတွေကို ဝေးဝေးထားလိုက်နိုင်မှာပေါ့။
● ဟင်းမြည်းတာကို လျှော့ပါ။ ချက်ရင်းမြည်းရင်း အတော် စားမိသွားတဲ့အဖြစ်တွေ အမြဲရှိလာရင်း မြန်မာအိမ်ရှင်မတွေဟာ အဝလွန်လာကြပါတယ်။ အဝလွန်တဲ့အိမ်ရှင်မတွေ နှလုံးရောဂါ ရလာကြတာ အံ့သြစရာတော့မရှိပါဘူး။
● ကိုယ်ဝန်ဆောင်လေးတွေမှာ နှလုံးရောဂါတွေ ဖြစ်လာတာ တွေ့နေရပါပြီ။ သွေးပေါင် ပုံမှန်ချိန်ခြင်း၊ အဆီအဆိမ့်တွေရှောင်ခြင်း၊ လမ်းလျှောက်ခြင်းတွေက အဆင်ပြေ သင့်တော်တဲ့ကာကွယ်နည်းပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























