/
node/6416

အရမ်းအေးတဲ့ ရာသီဥတုမှာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အအေးလှိုင်းဖြတ်လို့ အရမ်းအေးတဲ့ ရာသီဥတုမျိုးမှာ အိမ်ထဲ နွေးနွေးထွေးထွေး နေရရင်တော့ ကိစ္စမရှိဘူးပေါ့။ အပြင်ထွက်တာနဲ့ ဒုက္ခရောက်တော့တာပါပဲ။

          အပူချိန် -၆၅°F (-၅၄°C) ကနေ -၁၀၇°F (-၇၇°C) ရှိတဲ့ အန္တာတိကမှာ တစ်နှစ်နေထိုင်ခဲ့တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Jennifer McCallum က လေယာဉ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ ရေဇာဘလိတ်ဓားနဲ့ ဖြတ်သလိုပဲ အအေးဓာတ်က ဆီးကြိုနေတယ်လို့ ဆိုပါတယ်။

 

>>    အေးခဲနေတဲ့ရာသီဥတုတွေမှာ ဒီလိုအန္တရာယ်တွေ ကြုံရတတ်တယ်နော်။

●        ရေခဲကိုက်ခြင်း

          အထူးသဖြင့် နား၊ နှာခေါင်း၊ ပါး၊ မေးစေ့၊ လက်ချောင်း၊ ခြေချောင်းတွေမှာ အရေပြားဟာ ဖြူဖြူပြာပြာကြီးဖြစ်ပြီး မာခဲလာတတ်တယ်။ ပြီးတော့ လှုပ်လို့လည်း မရတော့ဘူး။ အရမ်းဆိုးရင် မည်းပါလာတတ်တယ်။

 

●        ခန္ဓာကိုယ် အပူချိန် ပြုတ်ကျခြင်း

          ခန္ဓာကိုယ် အပူချိန် ၉၅°F (၃၅°C) အောက် ပြုတ်ကျတဲ့အခါ ချမ်းတုန်လာတာ၊ ကယောင်ကတမ်း ဖြစ်လာတာ၊ နုံးနေတာ၊ ဆီးခဏခဏ သွားတာတွေနဲ့ လာတတ်တယ်။ အရမ်းဆိုးလာတဲ့အခါ အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ကြတယ်။

 

●        နှလုံးပြဿနာတွေ

          အရမ်းအေးလာတဲ့အခါ ခန္ဓာကိုယ်နွေးထွေးအောင် နှလုံးက အလုပ်ပိုလုပ်ရတယ်။ အဲဒါကြောင့် နှလုံးရောဂါ အခံရှိတဲ့လူတွေမှာ နှလုံးတွေခုန်၊ သွေးတွေတိုးပြီး ဒုက္ခရောက်တတ်တယ်။

 

>>    သိပ်မဆိုးတဲ့ အခြေအနေတွေကတော့ -

●        အရေပြားနဲ့ အမြှေးပါးတွေ ခြောက်သွေ့ခြင်း

          ဆောင်းရာသီရောက်တဲ့အခါ အစိုဓာတ်က တစ်ဆလောက် ကျသွားတတ်တယ်။ အဲဒါကြောင့် နိုးနိုးချင်းမှာ နေထိုင်မကောင်းဖြစ်တတ်တယ်။

 

●        ဟန်ချက်ပျက်ခြင်း

          ဆောင်းရာသီမှာ နှင်းရေစက်တွေနဲ့ ချော်လဲတာမျိုး အဖြစ်များလို့ လူကြီးတွေမှာ အဓိက သတိထားရမယ်။

 

●        အထိုင်များခြင်း

          ဆောင်းရာသီမှာ ရာသီအေးအေးလေးနဲ့ ကွေးလို့ကောင်းလို့ အဝလွန်တာ၊ နှလုံးရောဂါနဲ့ တခြားကျန်းမာရေးဆိုးကျိုးတွေ ဖြစ်နိုင်တယ်။

 

●        အများကြီး စားမိခြင်း

          အအေးဓာတ်လေး ဝင်လာတဲ့အခါ ချိုချို၊ ငန်ငန်၊ အဆီများတာတွေ ပိုပြီးစားချင်စိတ်တွေ ဖြစ်လာတတ်တယ်။

 

>>    ဒီလိုရာသီကြမ်းကြမ်းမှာ စိတ်ချရအောင်

          အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အပြင်ထွက်ခါနီးရင် ပိုပြီးတော့ လုံလုံခြုံခြုံ  ဝတ်သွားသင့်တယ်။

          အေးတဲ့ ရာသီဥတုမျိုးမှာ အကျိုးရှိစေမယ့် နည်းလမ်းတချို့ကို ပြောပြမယ်နော်။

●        ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို အထပ်ထပ် ဝတ်ပေးပါ။ ဒါမှ ပူလာ၊ အေးလာရင် အဝတ်အစား ချွတ်ဖို့၊ ပြန်ဝတ်ဖို့ အဆင်ပြေမှာပါ။

●        သိုးမွေးလက်အိတ်လေးတွေ စွပ်ပေးပါ။

●        ခေါင်းနဲ့မျက်နှာကို ဦးထုပ်တွေ၊ လည်စည်းတွေ၊ မျက်နှာဖုံးတွေနဲ့ ကာပေးထားပါ။ မျက်လုံးကို ကာကွယ်ဖို့ မျက်မှန်တပ်ပေးပါ။

●        ချော်လဲတာတွေ မဖြစ်ရအောင် ချော်မလဲစေတဲ့ဖိနပ်တွေကို သေချာရွေးပြီး စီးပေးပါ။

 

          အကယ်၍ အအေးလွန်လာတဲ့လက္ခဏာတွေ၊ နှလုံးနဲ့ အဆုတ်လက္ခဏာတွေ ရှိလာရင် ချက်ချင်း ဆေးရုံ၊ ဆေးခန်းပြဖို့ လိုတယ်။

 

>>    ရာသီအေးအေးနဲ့ ပတ်သတ်ပြီး အယူအဆအမှားတွေလည်း ရှိနေတယ်နော်။

●        ကုတ်အကျႌမဝတ်ရင် ဖျားလိမ့်မယ်

          အအေးမိ တုပ်ကွေးတွေဟာ ရာသီဥတုနဲ့တော့ မဆိုင်တတ်ပါဘူး။ တချိုလေ့လာသူတွေကတော့ ရာသီဥတုအေးရင် ပိုးပိုပွားလွယ်တာကြောင့်၊ အမြှေးပါးတွေ ခြောက်သွေ့သွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုတယ်။

 

●        ခေါင်းကနေ အပူတွေ အများဆုံး ထွက်တတ်တယ်

          တကယ်တော့ ခေါင်းတင်မကဘဲ တခြားခန္ဓာကိုယ် အစွန်အဖျားအားလုံးကနေ ထွက်တတ်တယ်။ ဒါကြောင့် အပြင်သွားရင် ဦးထုတ်ဆောင်းဖို့ မမေ့ပါနဲ့။

 

●        အေးတဲ့အချိန် အပြင်မှာ လေ့ကျင့်ခန်း မလုပ်သင့်ဘူး

          ကျန်းမာရေးလည်း ကောင်းမယ်၊ အဝတ်အစား အပြည့်အစုံလည်း ဝတ်ထားမယ်ဆိုရင် အပြင်မှာထွက်ပြီး လေ့ကျင့်ခန်းလုပ်တာ ပြဿနာ မရှိနိုင်ပါဘူး။

 

●        ဆောင်းရာသီမှာ နေကာမျက်မှန် မလိုဘူး

          ဆောင်းရာသီမှာ နေရောင်ရှိန် လျော့သွားတာ အမှန်ပေမယ့် အကာအကွယ်တော့ လိုတာပါပဲနော်။

●        အရမ်းအေးလာတဲ့အခါ Seasonal affective disorder လို့ခေါ်တဲ့ ရာသီဥတုကြောင့် စိတ်ဓာတ်ကျတာမျိုး ဖြစ်လာနိုင်တယ်။

          ဒါကတော့ အေးတာထက်စာရင် နေရောင်မရတာနဲ့ ပိုဆိုင်ပါတယ်နော်။ မှောင်မိုက်နေတာ၊ အထီးကျန်တာ၊ ပိတ်လှောင်နေသလို ခံစားနေရတာကြောင့် ဖြစ်တတ်တယ်။

          တချို့ကလည်း ရာသီဥတု အေးတာကိုမှ ကြိုက်တတ်တာမျိုးလည်း ရှိတယ်။ အန္တာတိကတိုက်မှာ တစ်နှစ်တာနေခဲ့သူ McCallumနဲ့ သိပ္ပံပညာရှင်တွေကတော့ အန္တာတိကအလှက အေးခဲနေတဲ့ ရာသီဥတုကိုတောင် တွနး်လှန်နိုင်လောက်အောင် လှတယ်လို့ ဆိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)