မမျှော်လင့်ထားတဲ့ အခြေအနေ
မြင်ရသောမြင်ကွင်းက စိတ်မချမ်းသာစရာ ... သွေးတွေက ဟက်တက်ကွဲနေသော ခြေမကနေ တသွင်သွင် စီးကျနေသည်။ လူနာက အသက်ငယ်ငယ်။ အရပ်ရှည်ရှည်။ ဂျင်းပင်အကျပ်နှင့်။ ဆေးခန်းထဲကို အမြန်ခေါ်လိုက်ပြီး သူနာပြုဆရာမလေးကိုခေါ်ကာ အတူတကွ အနာကိုကြည့်ရှုစစ်ဆေးကာ သွေးတိတ်အောင် လုပ်ရသည်။ သွေးတွေကလည်း ပေါတဲ့သူကျတော့လည်း ပေါလိုက်တာ။ အသားလည်း နည်းနည်းပြဲသွားတာနဲ့ ထွက်လိုက်တဲ့သွေးပါလား။
အတူပါလာသော အဒေါ်တဲ့။ အသက်က ၅၀ ကျော်ခန့်သာ ရှိဦးမည်။ လူကြည့်လိုက်တော့ ပိန်ပြီး ဖြူရော်နေသည်။ အသားတွေက ဝါကျင့်ကျင့်။ မျက်လုံးတွေက အရောင်မရှိသလို အားနည်းနေသည်။
"ကျွန်မညီမလေ ... သားက သူ့အိမ်တစ်လှည့် ကျွန်မအိမ်တစ်လှည့် နေတာ ... သူက ကျွန်မထက် ကျန်းမာတယ် ... ရောဂါရယ်လို့ မဖြစ်ဖူးဘူး "
လူနာ၏ မိခင်ဖြစ်ဟန်တူသော အန်တီက ဆရာဝန်မလေး၏ စိတ်ဝင်စားမှုကို သတိပြုမိကာ ဖြေရှင်းပြနေသည်။
" သြော် ..."
ဆရာဝန်မလေးက တစ်ခွန်းသာ ရေရွတ်လိုက်ပြီး ခေါင်းငုံ့ကာ စိတ်ရှည်ရှည်နဲ့ အနာကို ဆက်ချုပ်နေသည်။
အနာကို ဖြူဖွေးနေသော ပတ်တီးဖြင့် သေသေသပ်သပ် စည်းနှောင်လိုက်ပြီး သောက်ဆေး စပ်သည်။ ဆေးစပ်နေရင်း ဆေးခန်းထိပ် ထိုင်နေသော အဒေါ်ဆိုသူကို အမှတ်မထင် လှမ်းကြည့်မိပြန်သည်။ သူမကို ကြည့်ရတာ သာမန်ထက် ဖျော့တော့ဆုတ်ယုတ်နေပါ့လား။ အမြင်နှင့်ပညာမှ လာသောအသိတရားက တစ်ခုခုကို သတိပေးနေသလိုလို။
***********************************************************************
" ဟင် ... ဟိုတစ်ခေါက်က ပါလာတဲ့အဒေါ် မဟုတ်လား ... "
" ဟုတ်တယ်ဆရာမ ... အခုစားပြီးတိုင်း အန်ချင်နေလို့ သိပ်လည်း မစားနိုင်တာကြာပြီမို့"
လိုအပ်သလို စမ်းသပ်စစ်ဆေးမှုတွေ တန်းစီလုပ်ရပါတယ်။ သွေးစစ်ကြည့်လိုက်တော့ သွေးအား အလွန်နည်းနေသည်။ အစား နည်းလာတာကလွဲလို့ ဘာမှထွေထွေထူးထူး မခံစားဘူးပါတဲ့။ အခုမှ အန်တာ မကြာခဏဖြစ်လာလို့ လာပြတာပါတဲ့။ ရင်ခေါင်းထဲလည်း နေလို့မကောင်းဘူးတဲ့။ သူမက စကားမပြော၊ ရင်ဘတ်ပေါ်ကိုသာ လက်ကလေး တင်ပြသည်။ လက်ချောင်းတွေကလည်း အရိုးပေါ် အရေတင်လို့ပါလား။
သေချာတယ်။ အတွင်းရောဂါတစ်ခုခု ရှိနေပြီ။ ကင်ဆာ မဟုတ်ပါစေနဲ့၊ ဆရာဝန်မလေး၏ ဆုတောင်းမပြည့်ပါ။ သမားတော်ဆီ လွှဲအပ်ပြသပြီး အလွန်အမင်း သွေးအားနည်းနေသော အကြောင်းရင်းကို ရှာရလေတော့သည်။
" အစာအိမ်ကင်ဆာ...?? "
" ဟင် ... ဟုတ်ကောဟုတ်ရဲ့လား ... ကျွန်မညီမက ခါတိုင်းလည်း ဒီလိုပိန်ပိန်ပဲ အစားကတော့ အရင်ကတည်းက အစားနည်းတာပါ ... ဗိုက်နာတာတွေ ဘာတွေလည်းမဖြစ်ဘူး"
လူနာ၏အစ်မ သွက်လက်ပုံရသော အန်တီကြီးကခေါင်းကို တဖွဖွခါယမ်းသည်။ နံဘေးက ကြည်ပြာရောင်ဝမ်းဆက်နှင့် အပျိုမလေးက ရှင်းပြနေသောဆရာဝန်ကို တစ်လှည့် မိခင်ကို တစ်လှည့် ကြည့်နေသည်။
ဖြူရော်ရော် ခပ်အေးအေးနေတတ်သူ၊ တူ၊ တူမများကို ဟင်းချက်ကျွေးရင်း ပျော်နေတတ်သူ အဒေါ်အပျိုကြီး။ သူမ အစာအိမ်ထဲမှာ ဘယ်တုန်းကမှန်းမသိ ဘယ်ဆီက ရောက်လာမှန်းမသိသော သေမင်းလက်ဆောင် ကင်ဆာအကျိတ်တစ်ခုက တိတ်တဆိတ် တစ်စတစ်စ ကြီးထွားနေခဲ့တာ ကြာခဲ့ပါပေါ့။ တဖြည်းဖြည်း အစားနည်းလာတာအပြင် ဘာမှထွေထွေထူးထူး မဖြစ်စဖူး။ ပန်းကန်ဝက်ခန့် စားပြီးတိုင်း ဗိုက်တင်းပြီဆိုပြီး ထမင်းဝိုင်းက ထတတ်သည်။ ကာယကံရှင်ကိုယ်နှိုက်က စကားလည်းနည်းသူမို့ မိသားစုကလည်း သတိမထားမိ။ သူမကသာ တစ်နေ့တခြား ဖြူရော်ဆုတ်ယုတ်လာနေခဲ့သည်။ အခုတော့ ကင်ဆာကျိတ်က ခွဲလို့မရတဲ့အခြေအနေအထိ ကြီးထွားနေခဲ့ပြီလေ။ တိတ်တဆိတ် လူသတ်နေသော ကြောက်စရာ အစာအိမ်ရောဂါပါလား။
ကင်ဆာဆေးသွင်း ကြိုးစားကုသကြသော်လည်း ရောဂါကကျွမ်းနေပြီးမို့ သိပ်တော့ ခရီးမရောက်လှ။ အကြောင်းလည်း ထပ်မကြားရတော့။ တလောက ခြေမကွဲသွား၍ လာချုပ်သော ကောင်လေးသာ ဆရာဝန်မလေးဆီ ပြန်ရောက်လာသည်။ ဒီတခေါက်ကတော့ ဆိုင်ကယ်လဲ ဒူးကွဲလို့တဲ့၊ ခန့်မှန်းမိပြီး အဖြေဖြစ်သော်လည်း မေးမိပြန်သည်။ ခြေမကွဲသွားသော တူလုပ်သူကို ဆေးခန်းလိုက်ပြရင်း ထိုင်နေသော ဝေဒနာရှင်၏မျက်နှာကို ရင်ထဲကဖျောက်မရ။ အသားအရေတွေပါ ဖြူဆုတ်အားနည်းပုံ ပေါ်နေခဲ့တာလေ။ သွေးအားနည်းတာတွေ အစားနည်းလာပြီး ပိန်လိုက်လာတာတွေက အစာအိမ်ကင်ဆာရဲ့ လက္ခဏာတွေပါလား။
မြန်မာနိုင်ငံတွင်းနေ အသက်ရလာတဲ့ အမျိုးသမီးတွေမှာ အစာအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း သိပ်များပါတယ်။ မြန်မာတွေ နေ့စဉ်စားတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ မုန့်တီ၊ အချဉ်တည်ထားတဲ့အစာတွေမှာ ကင်ဆာဖြစ်စေသော ဓာတ်တွေပါနေပြီလား။
ဒီလိုလက္ခဏာတွေပြလာရင် အစာအိမ်ကင်ဆာကို သတိပြုမိကြပါ။
● မကြာခဏ မူးတတ်မယ်။
● အားနည်းဆုတ်ယုတ်လာသလို ခံစားရမယ်။
● တနေ့တခြား အစားနည်းလာမယ်။
● ရင်ပြည့်ရင်ကယ်ဖြစ်မယ်။
● ပိန်ချုံး ချိနဲ့လာမယ်။
● ဗိုက်ထဲမှာ မကြာခဏ မအီမသာဖြစ်မယ်။
ဒီလိုလေးတွေ ခံစားလာရရင် အစာအိမ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေကို အလေးသတိမူမိကြပြီး ဂရုတစိုက်ရှိနိုင်ကြဖို့ အသိဗဟုသုတ မျှဝေလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























