အသက်လေးဆယ်မတိုင်မီ လုပ်သင့်တဲ့ နှလုံးကျန်းမာရေး ကာကွယ်မှုများ
လူတစ်ယောက်ဟာ အသက်လေးဆယ်ကျော်တာနဲ့ နှလုံးရောဂါ စတင်ဖြစ်ပွားဖို့ အကြောင်းအချက်အလက်တွေ စတင်များပြားလာပါသတဲ့။ အန္တရာယ် စလာတာမျိုးပေါ့၊ အသက်အရွယ် ရလာတာနဲ့အမျှ သွေးတိုး၊ ဆီးချို၊ အဝလွန်ရောဂါ၊ အဆီတက်ရောဂါတွေ စတင်ဖြစ်ပွားလာတတ်ပါတယ်။
>> နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့
● ထိထိရောက်ရောက် ဝိတ်ချပါ။ ပိုလျှံနေသမျှ ပေါင်တိုင်းဟာ နှလုံးကျန်းမာရေးအတွက် ရန်သူပါပဲတဲ့။ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက သိသိသာသာ နှေးကွေးလာတတ်တာမို့ အစားလျှော့စားပြီး ထိရောက်စွာ ဝိတ်ချဖို့ စောစောစီးစီး စီစဉ်ထားသင့်ပါတယ်။
● အစား လျှော့စားမယ်ဆိုတဲ့နေရာမှာ အဆီအဆိမ့်နဲ့ အငန်တွေကို ဖြစ်ဖြစ်မြောက်မြောက် ရှောင်ကြဉ်ပြီး နှလုံးကျန်းမာဖို့ အလေးပေး စားသောက်တာ ဖြစ်ပါတယ်။ မိမိနဲ့ သင့်တော်တဲ့ ထမင်းပမာဏ၊ အသားငါးပမာဏကို ချိန်ထားသင့်ပါတယ်၊ တစ်ပန်းကန် စားနေကျလူက ပန်းကန်ဝက်ထိ လျှော့ချလိုက်ပြီး အသီးအနှံကြော်၊ အရွက်ပြုတ်တွေနဲ့ အစားထိုး စားသောက်သင့်ပါတယ်။ နောက်ပြီး ဆာတဲ့အထိစောင့်ပါ။ မဆာဘဲ တစွတ်စွတ် စားနေတာကို လုံးဝရှောင်ပါ။ အဆာပြေဝါးတဲ့အခါ ဘီစကစ်၊ ကိတ်မုန့်၊ ပေါင်မုန့်နေရာမှာ အသီးတွေနဲ့ အစားထိုး စားသုံးပါ။
● နှလုံးကျန်းမာဖို့ နောက်ထပ်လုပ်ရမယ့် အလုပ်တစ်ခုကတော့ အပေါင်းအသင်း သူငယ်ချင်း တိုးပွားစေဖို့ပါပဲ။ မိမိသူငယ်ချင်းတွေနဲ့ မပြတ်တမ်း အဆက်အသွယ်ရှိပြီး လူမှုရေး လှုပ်ရှားတက်ကြွသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ သိသိသာသာ နည်းသွားပါတယ်။
● အလွန်အကြူး လေ့ကျင့်ခန်း မလုပ်ပါနဲ့၊ သိပ်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဟာ သင့်နှလုံးကို ဝန်ပိစေပါသတဲ့။ တစ်ပတ်ကို သုံးရက်နဲ့ မိနစ်သုံးဆယ်ခန့် လုပ်ပြီးရင် အဆင်ပြေပါပြီ။ သိပ်ပင်ပင်ပန်းပန်းတွေ လုပ်ရင်လည်း အဲလောက် အကျိုးဖြစ်မှာ မဟုတ်ပါဘူး။
● စိတ်ကျရောဂါကို ထိန်းချုပ်ကုသပါ။ မိမိကိုယ်မိမိ စိတ်ဓာတ်ကျနေပြီ၊ စိတ်ညစ်နေပြီ ထင်ရင် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။ စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းကို ရင်ဖွင့်ပါ။ ပရဟိတအသင်းတွေမှာ ပါဝင်ဆောင်ရွက်ပါ။ တရားထိုင်ပါ၊ ခရီးထွက်ပါ။ စိတ်ဖိစီးမှုဟာ နှလုံးအတွက် အကြီးဆုံးရန်သူပါ။
● ဆေးလိပ်သောက်တာလောက် နှလုံးကို ဒုက္ခပေးတာ မရှိတော့ပါဘူး။ ဆေးလိပ်ဖြတ်ပါ။ စောစောဖြတ်လေ နှလုံး ပိုကျန်းမာလေပါပဲ။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ နစ်ကိုတင်း အစားထိုး သုံးပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























