/
node/6475

သားဥအိမ် အရည်အိတ်တာ ကြောက်စရာလား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

       ဒီလိုသားဥအိမ် အရည်အိတ်ဟာ အမျိုးသမီးတွေမှာ အင်မတန်အဖြစ်များတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ စိတ်မပူပါနဲ့။ အများစုက ဓမ္မတာချိန်နဲ့ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်တတ်တာမျိုးဖြစ်လို့ ဘာမှဆက်ပြီး လုပ်စရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ ၂၀ ရာခိုင်နှုန်းလောက်မှာတော့ သူ့အလိုလို မပျောက်သွားဘဲ ခွဲစိတ်ဖို့ လိုနိုင်တာ၊ ကင်ဆာပြောင်းသွားနိုင်တာမျိုး ရှိနိုင်တယ်။

          ပြီးတော့ သားဥအိမ် အရည်အိတ်ရဲ့ လက္ခဏာတွေဟာ သားအိမ် အသားလုံးတွေ၊ ရာသီမလာခင် လက္ခဏာတွေနဲ့ ဆင်နေတတ်တယ်။

          ဒါပေမဲ့ ရာသီလာလို့ နာတာက ရာသီပြီးရင် ပျောက်သွားတတ်ပေမယ့် တောက်လျှောက် နာနေတယ်ဆိုရင် အာထရာစောင်း ရိုက်ကြည့်ဖို့သင့်တယ်။

          ဒီလိုလက္ခဏာတွေ တွေ့နေရတယ်ဆိုရင် သတိထားဖို့ လိုတယ်နော်။

 

၁။     တင်ပါးဆုံအောက်ပိုင်းက နာနေတယ်။

          သားဥအိမ် အရည်အိတ်ကြောင့်နာရင် သားဥအိမ်ရှိတဲ့ ဘယ်ဘက်ဖြစ်ဖြစ်၊ ညာဘက်ဖြစ်ဖြစ်မှာ နာနေတတ်တယ်။

          ဘာလုပ်လုပ်ကို တောက်လျှောက်နာနေတတ်ပြီး ရာသီပြီးချိန်မှာလည်း မပျောက်သွားတတ်ဘူး။

          ရုတ်တရက်ကြီး အရမ်းနာလာရင်တော့ သားဥအိမ် အရည်အိတ် လိမ်သွားလို့ ဖြစ်နိုင်ပြီးတော့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုလိမ်တာမျိုးက အရည်အိတ် ကြီးလာပြီး ပိုပိုရွေလျားမှု များလာတာကြောင့် ဖြစ်တာများတယ်။

 

၂။     ရင်ပြည့်ရင်ကယ် ဖြစ်နေတတ်တယ်။

          ရင်ပြည့်ရင်ကယ် ဖြစ်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပေမယ့် သားဥအိမ် အရည်အိတ်ရဲ့ အရွယ်အစားနဲ့ ဆိုင်နေတတ်တယ်။

          အများစုမှာ အရွယ်အစားက ၁၀ စင်တီမိတာထက် မပိုပေမယ့် တချို့မှာတော့ ဖရဲသီးလောက်ကြီးတာမျိုးတောင် တွေ့ရတတ်တယ်။

          အမျိုးသမီးအများစုက ဒါကို ကိုယ်အလေးချိန် တက်လာတယ်ပဲ ထင်တတ်ကြတယ်။ ဒါပေမဲ့ ဗိုက်နာပြီး ရင်ပြည့်ရင်ကယ်ဖြစ်နေရင် ဒါ အလုံးရှိနေနိုင်လို့ မပေါ့ဆနဲ့နော်။

 

၃။     အမြဲတမ်း ဗိုက်ထဲ ပြည့်နေတယ်။

          သားအိမ်အသားလုံးလိုပဲ သားဥအိမ် အရည်အိတ်ကလည်း ဗိုက်ထဲလေးလေးကြီး ဖြစ်နေတတ်တယ်။

          ဝမ်းချုပ်နေသလို ခံစားရတတ်တယ်။ ဒါပေမဲ့ ဝမ်းလည်း ကောင်းကောင်းသွားပြီး ၂ ပတ်၊ ၃ ပတ်လောက်ထိ ကြာလာပြီဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာ ရှာဖို့လိုတယ်။

 

၄။     ခဏခဏ ဆီးသွားချင်နေတယ်။

          နောက်ထပ် လက္ခဏာတစ်ခုကတော့ ခဏခဏ ဆီးသွားချင်နေတာပါပဲ။

          အရည်အိတ်က ဆီးအိမ်ကို ဖိတဲ့အခါ ဆီးခဏခဏ သွားချင်သလို ခံစားရလိမ့်မယ်။ ဒါပေမဲ့ ဆီးလမ်းကြောင်းကို ပိတ်နေလို့ ဆီးသွားရ ခက်ခဲတယ်။

 

၅။     အမျိုးသားနဲ့ အတူနေတဲ့အချိန် နာကျင်တတ်တယ်။

          အမျိုးသားနဲ့ အတူနေတဲ့အခါ တစ်ဖက်ထက် အခြားတစ်ဖက်က ပိုနာနေတယ်ဆိုရင် အရည်အိတ် ဖြစ်နိုင်ပါတယ်။ တချို့အရည်အိတ်တွေက အရမ်းကြီးလာတဲ့အခါ သားအိမ် အနောက်ဘက် သားအိမ်ခေါင်းဘေးမှာ ရောက်နေတဲ့အတွက် နာနာနေတတ်တယ်။

          ဒီလိုမျိုးဖြစ်နေခဲ့ရင် မီးယပ်ဆရာဝန်နဲ့ ချက်ချင်းပြကြည့်ပါ။

 

၆။     နောက်ကျောနာတာ၊ ခြေသလုံး နာတာမျိုး ရှိတယ်။

          တင်ပါးဆုံလေးက ကျဉ်းကျဉ်းလေးဖြစ်လို့ အလုံး ကြီးကြီးလာတဲ့အခါ ဟိုဖိဒီဖိ လျှောက်ဖိတော့တာပေါ့။ နောက်ကျောကို သွားတဲ့၊ ခြေသလုံးကို သွားတဲ့ အာရုံကြောတွေကို ဖိမိတဲ့အခါ နောက်ကျော နာတာ၊ ခြေသလုံး နာတာမျိုးတွေ ဖြစ်လာနိုင်တယ်။

          ဒါကြောင့် ဒီလိုနာနေတဲ့အကြောင်းရင်းကို ရှာမတွေ့ဘူးဆိုရင် သားဥအိမ်အလုံးကို ရှာကြည့်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)