/
node/6594

အသစ်စက်စက်မေမေတို့ သိသင့်တဲ့အချက်လေးတွေ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အခုမှသားဦးကလေးစမွေးတဲ့ မိခင်အသစ်လေးတွေအတွက်ကတော့ ကိုယ့်ရဲ့ကလေးငယ်လေးစမွေးမွေးချင်း တစ်ပတ်လောက်အတွင်းမှာ ပျော်ရွှင်၊ ကျေနပ်မှုတွေ၊ ပူပန်စိုးရိမ်မှုတွေ စတဲ့ခံစားချက်တွေရောထွေးနေပါတယ်။ ဒီတော့ ကလေးမွေးပြီးရင် ဘာတွေကိုကြုံရနိုင်သလဲ၊ ဆေးရုံဆင်းရင်ဘာတွေဖြစ်နိုင်လဲ၊ အိမ်မှာကလေးငယ်လေးရောက်လာပြီဆိုရင် ဘာတွေဖြစ်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို ကြိုတင်သိထားပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်။

** ကလေးမွေးပြီးဆေးရုံကဆင်းလာပြီဆိုရင် ဘာတွေကြုံရနိုင်သလဲ **

ကလေးကို ရိုးရိုးမွေးပြီး ကလေးရောအမေမှာပါဘာပြသနာမှမရှိဘူးဆိုရင် မွေးပြီး ၂၄ နာရီလောက်ဆေးရုံမှာနေပြီးရင် ဆင်းလို့ရပါတယ်။ ခွဲမွေးတာဆိုရင်တော့ ဘာပြသနာမှမရှိရင် ၅ ရက်လောက်နေရင်ဆင်းလို့ရပါတယ်။

ဒီလိုမဟုတ်ဘဲ အမေမှာ ရောဂါတစ်ခုခုရှိတာ၊ ကလေးတစ်ခုခုဖြစ်လို့ စောင့်ကြည့်ဖို့လိုတဲ့အခြေအနေဆိုရင်တော့လည်း ဆေးရုံမှာဒီထက်ပိုပြီးကြာကြာနေရနိုင်ပါတယ်။

လမစေ့ဘဲမွေးတဲ့ကလေးတွေကတော့ အထူးကြပ်မတ်ဆောင်ထဲမှာထည့်ပြီးတော့သေချာစောင့်ကြည့်ဖို့လိုပြီးတော့ ဆေးရုံမှာနေရတဲ့အချိန်လည်းပိုကြာနိုင်ပါတယ်။

** ဆေးရုံမဆင်းခင်မှာ ဘာတွေသိထားသင့်သလဲ **

ကလေးမွေးပြီး ဆေးရုံမဆင်းခင်မှာဆိုရင် မိခင်၊ ဖခင်တွေက အောက်ပါအချက်တွေကို မေးသွားဖို့လိုပါတယ်။

• မိခင်နို့တိုက်ရာမှာ အခက်အခဲတစ်ခုခုတွေ့ရင် ကူညီပေးဖို့ ဘယ်သူ့ကိုဆက်သွယ်ရမလဲ

• ၆ ပတ်ကြာလို့ ပြန်ပြရမယ်ဆိုရင်ဘယ်မှာသွားပြရမှာလဲ

• ကားမောင်း၊ ဆိုင်ကယ်မောင်း၊ ပစ္စည်းမတာတွေ ဘာတွေလုပ်လို့ရလဲ ဘယ်လိုဂရုတစိုက်နေရမလဲ

• ဘယ်အချိန်၊ ဘယ်နေရာမှာ ချုပ်ရိုးဖြေရမလဲ အနာကိုဘယ်လိုဂရုစိုက်ရမလဲ

ကလေးနဲ့ပတ်သက်ပြီးတော့

• မွေးကင်းစကလေးငယ်ကို နို့ဘယ်နှကြိမ်ဘယ်လောက်တိုက်ရမလဲ

• ကလေးနို့တိုက်တဲ့နေရာမှာ ဘာတွေသိထားသင့်သလဲ

• ကလေးနေမကောင်းရင် ဘယ်သူ့ကိုဆက်သွယ်ရမလဲ

ပြီးတော့ ကလေးပြုစုစောင့်ရှောက်နည်းအထွေထွေနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံရှိတဲ့ မိသားစုဝင်၊ မိတ်ဆွေ၊၊ သူငယ်ချင်းတွေကို မေးမြန်းထားပါ။

 

** ကလေးမွေးပြီး တစ်ပတ်အတွင်းဘာတွေကြုံတွေ့ခံစားရတတ်သလဲ **

ကလေးမွေးပြီးစတစ်ပတ်အတွင်းမှာ ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေအများကြီးကြုံရပါတယ်။ ကလေးမွေးပြီးပြီးချင်းမှာပဲ ပင်ပန်းတာ၊ မောပန်းတာတွေကြုံရနိုင်သလို၊ စိတ်သက်သာရာရပြီးတော့ ဝမ်းသာပီတိလည်းဖြစ်နိုင်ပါတယ်။ ကလေးမွေးပြီး ၃-၅ ရက်လောက်အတွင်းမှာ အမေတွေမှာ မျက်ရည်လွယ်တာ၊ စိုးရိမ်ပူပန်တာတွေ ရက်အနည်းငယ်ကြာအောင်ဖြစ်လေ့ရှိပါတယ်။ ဒါက ၅၀-၈၀% လောက်သောအမျိုးသမီးတွေမှာ ခံစားရလေ့ရှိပါတယ်။ ဒီလိုခံစားရပြီဆိုရင် တစ်ယောက်တည်းမြိုသိပ်မထားပါနဲ့၊ ကိုယ့်ရဲ့ခင်ပွန်းကိုရင်ဖွင့်ထားပါ။

ဒီလိုခံစားချက်က နောက်ထပ် ၁ ပတ်- ၂ပတ်လောက်မှာလည်းပြန်ပေါ်နိုင်ပါတယ်။ ဒီထက်ပိုကြာပြီးတော့ စိတ်ခံစားချက်တွေမပျောက်သွားဘူးဆိုရင်တော့ အကူအညီယူဖို့အရေးကြီးပါတယ်။ ဒီလိုအမျိုးသမီး ၇ ယောက်မှာ တစ်ယောက်လောက်က ကလေးမွေးပြီး စိတ်ကျရောဂါရသွားနိုင်ပါတယ်။

** အိမ်မှာမွေးတဲ့အခါမှာ **

အိမ်မှာမွေးတဲ့မိခင်တွေကိုတော့ သားဖွားဆရာမက အခြေအနေပေါ်မူတည်ပြီးတော့ လာကြည့်ပေးပါလိိမ့်မယ်။

** ကလေးကို မိခင်နို့တိုက်ဖို့သင်ယူခြင်း **

တကယ်တော့ ကလေးကိုမိခင်နို့တိုက်ရာမှာ နည်းမှန်လမ်းမှန်တိုက်တတ်ဖို့အရေးကြီးပါတယ်။ မွေးပြီးစအချိန်တွေမှာ မိခင််နဲ့ကလေးကြားအသားချင်းထိတွေ့မှုရှိရင် ပိုပြီးနွေးထွေးနီးကပ်စေပါတယ်။ ဒီတော့ ကလေးနို့တိုက်နည်းတွေကို ဆရာမတွေဆီကနေသေချာသင်သွားပါ။

ကလေးပြုစုစောင့်ရှောက်ဖို့နဲ့ပတ်သက်ပြီးတော့လည်း အများကြီးလေ့လာဖို့လိုပါတယ်။

ဥပမာ- အောက်ပါအချက်တွေကိုလေ့လာဖို့လိုပါတယ်။

• ကလေးကိုမိခင်နို့တိုက်နည်း၊ နို့ဘူးတိုက်နည်း

• သေးခံဝတ်၊ တစ်ခါသုံးသေးခံများလဲလှယ်နညး်

• ကလေးရေချိုးပေးနည်း

မိခင်ကိုယ်တိုင်အနေနဲ့ ကိုယ့်ကိုယ်ကိုစိတ်အရမ်းတင်းမထားပါနဲ့။ သက်တောင့်သက်သာနေပါ။ ကလေးမွေးစအချိန်တွေအတွင်းမှာ ဖြစ်နိုင်ရင်ကူပေးမယ့်သူကိုခေါ်ထားပါ။

** ဧည့်သည်များ **

ကလေးကိုကြည့်ဖို့အတွက် အမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက လာကြမှာပါပဲ၊ ကိုယ်တွေ့နိုင်မယ့်အချိန်ကိုပဲသေချာပြောပြီးတော့ တွေ့ပါ။ အားမနာပါနဲ့။ တစ်ချို့ကျတော့လည်း လူရင်းတစ်ယောက်ယောက်ကို ဧည့်သည်တွေ့ချိန်စီမံဖို့လွှဲထားနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)






 












 
















Dr. Mya Myo Myo Swe (www.drmyanmar.com)