အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာတွေ ...
အမျိုးသမီးတွေနဲ့ပဲ ဆိုင်တဲ့ကင်ဆာ (မီးယပ်ကင်ဆာ) တွေကတော့ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ရှားပါးတဲ့ကိုယ်ဝန်နဲ့ဆိုင်တဲ့ ကင်ဆာ ၂ မျိုးဆိုပြီး စုစုပေါင်း ၇ မျိုး ရှိပါတယ်။
ဒီကင်ဆာတွေရဲ့လက္ခဏာက ဝိုးတိုးဝါးတားပဲပြပြီးတော့ ဗိုက်ပြည့်တာ၊ ဝမ်းအကျင့်ပြောင်းသွားတာ၊ သားအိမ်နေရာက မအိီမသာဖြစ်တာ၊ အတူနေရင် နာကျင်တာတွေ စတဲ့ ယေဘုယျလက္ခဏာတွေကိုပဲ သတိထားမိတာ များပါတယ်။ ဒီမှာပြဿနာတစ်ခုက သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်က မိန်းမကိုယ် ယားယံတာ၊ ကြွက်နို့လိုမျိုး အဖုတွေပေါက်တာတွေကို ဖြစ်စေတတ်ပါတယ်။ ဒါက ဘာလို့အရေးကြီးလဲဆိုရင် တစ်ခါတလေ ဒီပြဿနာတွေကိုပဲ အာရုံစိုက်ပြီးတော့ သားအိမ်ခေါင်းကင်ဆာကို လျစ်လျူရှုမိသွားတာမျိုး ဖြစ်တတ်လို့ပါ။
ဒီတော့ အမျိုးသမီးတွေအနေနဲ့ ဒီလိုယေဘုယျ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာလေးတွေ ခံစားနေရပြီးတော့ ပျောက်ကင်းမသွားဘူး ဆိုရင်တော့ ဆေးခန်းသွားပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ အန္တရာယ်လက္ခဏာလို့ပြောတာ မဟုတ်ပါဘူး။ သတိရှိဖို့ပါ။
>> ဘာတွေကြောင့် မီးယပ်နဲ့ဆိုင်တဲ့ ကင်ဆာတွေ ဖြစ်ရသလဲ?
အမျိုးသမီးတိုင်း ဘယ်အရွယ်မဆိုဖြစ်တတ်ပြီးတော့ ဒီကင်ဆာတွေကို ဖြစ်နိုင်ချေ ပိုများစေတဲ့အချက်တွေလည်း ရှိပါတယ်။
ဒါတွေကတော့ အသက်အရွယ် ကြီးလာခြင်း၊ ကလေးမွေးတာလိုမျိုး ရာဇဝင်တွေ၊ ကင်ဆာမျိုးရိုးရှိခြင်း၊ မျိုးရိုးဗီဇ ပြောင်းလဲမှုရှိခြင်း၊ ဟော်မုန်းနှင့် ထိတွေ့မှု (သဘာဝ သို့ ဆေးသောက်လို့)၊ HPV ကဲ့သို့သော ဗိုင်းရပ်ပိုး ကူးစက်ခံရခြင်း စတာတွေနဲ့ ဆေးလိပ်သောက်ခြင်း၊ ကိုယ်အလေးချိန်များခြင်း စတဲ့ နေထိုင်မှုပုံစံတွေနဲ့လည်း ဆိုင်ပါတယ။်
သားအိမ်ကင်ဆာ ၁၀ ခုမှာ ၅ ခုလောက်က အဝလွန်လို့ ဖြစ်တာများပါတယ်။ ဒါကြောင့် အဝလွန်ခြင်းက ကင်ဆာဖြစ်နိုင်ချေကို မြင့်မားစေပါတယ်။
အဝလွန်တယ်၊ လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် အီစရိုဂျင် (estrogen) တွေကို သားအိမ်နံရံတွေမှာ ပုံလာစေပြီးတော့ ကင်ဆာဖြစ်နိုင်ချေ များစေပါတယ်။ အဝလွန်လို့ ဖြစ်တဲ့အထဲမှာ အချို့က အသက် ၃၀-၄၀ နဲ့ ကင်ဆာဖြစ်ပြီးတော့ သားအိမ်ထုတ်လိုက်ရလို့ ကလေး မမွေးနိုင်တော့ပါဘူး။
ငယ်ရွယ်သူတွေအနေနဲ့ဆိုရင် ကာကွယ်ဆေးတွေထိုးထားဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာက HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီးတော့ ကာကွယ်ဆေး ရှိပါတယ်။
>> မီးယပ်ကင်ဆာတွေ မဖြစ်အောင် ဘယ်လိုနေရမလဲ?
အပေါ်မှာ ပြောထားသလိုပဲ အဝလွန်တာနဲ့ HPV ပိုးတွေကလည်း ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေဖြစ်လို့ အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ချပါ။ ပြီးတော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးပါ။
အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ကျန်းမာရေးကို မျက်ခြည်မပြတ် စောင့်ကြည့်ပါ။ မသင်္ကာစရာတွေ့ရင် ဆေးခန်းသွားဖို့ မရှက်ပါနဲ့။ လျစ်လျူရှုပြီးလည်း မနေပါန့ဲ့။ ဆရာဝန်တစ်ယောက်နဲ့ပြလို့ အဆင်မပြေဘူး မပျောက်ဘူးဆိုရင် နောက်ဆရာဝန် ဆွေးနွေးကြည့်ပါ။
အမျိုးသမီးကင်ဆာဆိုရင် အတင်းပြောချင်ကြတဲ့အလေ့တွေ အများကြီးရှိပါတယ်။ ဒါက တကယ်တော့ ရှက်စရာမဟုတ်ပါဘူး။ တချို့က ညစ်ပတ်တဲ့၊ မကောင်းတဲ့မိန်းမတွေမှာမှ ဒီကင်ဆာတွေ ဖြစ်နိုင်တာလို့ ထင်ကြပေမယ့် တကယ် မဟုတ်ပါဘူး။
အမျိုးသမီးအများစုက ကိုယ့်မှာ ဘာတွေကိုစောင့်ကြည့်ရမယ်၊ ဘာတွေကို ဂရုစိုက်ရမယ်ဆိုတာကို မသိကြပါဘူး။ ပြီးတော့ ရှက်နေလို့ ဆေးကုဖို့ နောက်ကျတာတွေ အများကြီးပါပဲ။ အထူးသဖြင့် သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဆိုရင် စောစောသိရင် ကုသနိုင်ပါတယ်။
ဒီတော့ အမျိုးသမီးတွေ ကိုယ့်ရဲ့လက္ခဏာတွေကို ဂရုတစိုက် စောင့်ကြည့်ပါ။ ပြီးရင် မရှက်ကြပါနဲ့။ ဆေးခန်းမြန်မြန်သွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























