/
node/6622

ကိုယ်ဝန်ဆောင်နဲ့ သွေးအချိုဓာတ်ကျခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိုယ်ခန္ဓာမှာ အပြောင်းအလဲတွေမျိုးစုံဖြစ်လာပြီး အချိုဓာတ် ဇီဝကမ္မဖြစ်စဉ်တွေလည်း ပြောင်းလဲလာလို့ သွေးအချိုဓာတ်တွေ ကျလာတတ်တယ်။ အထူးသဖြင့် ဆီးချိုရှိတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင် ဆီးချိုသမားတွေမှာ ပိုဖြစ်တတ်တယ်။

          ဒီလို သွေးအချိုဓာတ်တွေ ကျလာတဲ့အခါ စဉ်းစားတွေခေါ်မှုတွေ ကျဆင်းလာပြီး မူးမေ့လဲတာမျိုး ဖြစ်လာတတ်တယ်။

ကိုယ်ဝန်ဆောင်ချိန် သွေးအချိုဓာတ်တွေ ကျလာခဲ့ရင် ဆီးချို ရှိ၊ မရှိကို စစ်ကြည့်ဖို့လိုတယ်။

 

        ရောဂါလက္ခဏာတွေကတော့ -

          ခန္ဓာကိုယ်မှာ သွေးအချိုဓာတ်ကျတ့ဲအခါ လောင်စာတွေ ကုန်ခန်းနေလို့ နုံးနေတာ၊ အားမရှိတာ၊ ကယောင်ကတမ်း ဖြစ်နေတာတွေနဲ့ ထမင်း တစ်နပ်နှစ်နပ်လောက် မစားရတဲ့အခါဖြစ်တဲ့ လက္ခဏာတွေကို တွေ့ရတယ်။

        တခြားလက္ခဏာတွေအနေနဲ့ -

●        တုန်နေတာ

●        ချွေးစေးတွေပြန်တာ

●        ခေါင်းကိုက်တာ

●        မျက်လုံးတွေ ဝါးနေတာ

●        နုံးနေတာ

●        စိတ်တို၊ စိတ်ဆတ်၊ စိတ်အပြောင်းအလဲများတာ

●        စိတ်ပူပန်နေတာ

●        စဉ်းစားတွေးခေါ်တာ အဆင်မပြေတာ

●        ရင်တုန်နေတာ

●        ဖြူဖျော့သွားတာမျိုးတွေ ဖြစ်လာတတ်တယ်။

          သွေးအခိျုဓာတ်တွေ တအားကျသွားရင် တက်တာ၊ မူးမေ့သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

          ဒီလို သွေးအချိုဓာတ် ကျသွားတာဟာ ကလေးကိုရော ထိခိုက်နိုင်သလားဆိုတာလည်း သိချင်နေကြမှာပေါ့။

          နည်းနည်းပါးပါး အချိုဓာတ် ကျတာလောက်ကတော့ ကလေးကို သိပ်ပြီး ထိခိုက်မှုမရှိဘူးနော်။ အစား ပိုစားတာ၊ ဆေးပမာဏ ပြန်ပြင်လိုက်တာမျိုးနဲ့တင် အဆင်ပြေသွားတတ်တယ်။

          အချိုဓာတ်တွေ အရမ်းကျလာခဲ့ရင်တော့ ဆေးရုံတင်ပြီး စောင့်ကြည့်ဖု့ိ လိုနိုင်တယ်။

          ကိုယ်ဝန်ဆောင် ဆီးချိုသမားတွေမှာတော့ ကလေး ၀တုတ်ကြီးတွေ မွေးတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ရိုးရိုးမွေးရတာ ခက်ခဲတတ်တယ်။ အမေရော ကလေးပါ ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။

          ပြီးတော့ အမေ့မှာ ဆီးချိုရှိရင် ကလေး အသားဝါတာမျိုး၊ မွေးပြီးပြီးချင်း အချိုဓာတ် ရုတ်တရက် ကျသွားတာမျိုး ဖြစ်တတ်တယ်။ အဲဒါကြောင့် မွေးပြီးချိန်ကတည်းက တောက်လျှောက် အချိုဓာတ်ကို စောင့်ကြည့်နေဖို့ လိုတတ်တယ်။

 

>>    သွေးအချိုဓာတ် ကျ၊ မကျ သိစေဖို့

          ကိုယ်ဝန်ဆောင် ဆီးချို ရှိ၊ မရှိကို ကိုယ်ဝန်ဆောင် ဒုတိယကာလအတွင်းမှာ စစ်ကြည့်လေ့ရှိတယ်။ ဒါပေမဲ့ ဒါမတိုင်ခင်နဲ့ ဒါအပြီး နောက်ပိုင်းမှာမှ ပေါ်လာတာမျိုးလည်း ရှိလို့စစ်ကြည့်ဖို့ လိုပါတယ်။

          တကယ်လို့ ဆီးချိုမရှိဘူးဆိုရင် ဘာကြောင့် သွေးအချိုဓာတ် ကျရတာလဲဆိုတာ ထပ်ရှာဖို့လိုတယ်။ ရောဂါရာဇဝင်တွေနဲ့ လူနေမှုပုံစံတွေကို မေးမြန်းပြီး ရောဂါရှာဖွေနိုင်တယ်။

 

>>    ကုသနည်းတွေကတော့ -

          ကိုယ်ဝန်ဆောင်ချိန်ဆီးချိုကို ကုသတာ ကွဲပြားတယ်။ ပုံမှန် သွေးအချိုဓာတ် စစ်ကြည့်နေဖို့ လိုတတ်တယ်။ စားသောက်ပုံတွေ ပြောင်းလဲပြီး လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုတယ်။

          ဒီနည်းလမ်းတွေနဲ့မှ မကျဘူးဆိုရင် အင်ဆူလင်ထိုးဆေး ဒါမှမဟုတ် တခြားဆေးတွေ သောက်ဖို့ လိုနိုင်တယ်။ ဆီးချိုဆေးတွေဟာ အချိုဓာတ် ကျစေနိုင်တာကြောင့် ဆရာဝန် ညွှန်ကြားချက်ကို သေသေချာချာလိုက်နာဖို့ အရေးကြီးပါတယ်။

          တကယ်လို့ တခြားအကြောင်းတစ်ခုခုကြောင့် အချိုဓာတ်ကျနေတာဆိုရင် အကြောင်းရင်းကို ရှာကုဖို့လိုတယ်။ ဥပမာအားဖြင့် ဟော်မုန်းမညီမျှလို့ ဖြစ်နေတာဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာပဲဖြစ်ဖြစ်၊ နောက်ပိုင်းကျမှဖြစ်ဖြစ် ဒီအကြောင်းရင်းကို ဖယ်ပစ်ဖို့လိုတယ်။

          နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် -

          ကိုယ်ဝန်ဆောင် ဆီးချိုသမားတွေဟာ ကလေးမွေးပြီးတာနဲ့ ပြန်ကောင်းသွားတတ်ကြပေမယ့် နောက်ပိုင်း ကိုယ်ဝန်တွေမှာလည်း ထပ်ဖြစ်တတ်တယ်။ နောက်ပိုင်းမှာလည်း ဆီးချိုရောဂါ ဆက်ဖြစ်နိုင်ခြေ များတယ်။

          နဂိုဆီးချိုသမားတွေဟာလည်း ကိုယ်ဝန်ဆောင်တုန်းမှာ ဆီးချိုကို သေချာထိန်းသိမ်းဖို့လိုတယ်။

          ဘာကြော့င်ပဲ အချိုဓာတ်ကျကျ ကလေးရော အမေကိုပါ သေချာစောင့်ကြည့်ဖို့ အရေးကြီးတယ်။

          ကိုယ်ဝန်ဆောင်တုန်း သွေးအချိုဓာတ် ကျတာဟာ အဆာလွန်တာ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့ ဘာကြောင့်ဖြစ်တယ်ဆိုတာရှာဖု့ိ အရေးကြီးဆုံးပါပဲ။

          သွေးအချိုဓာတ်ကို သေချာထိန်းသိမ်းမှသာ အမေရော ကလေးပါ ဘေးကင်းလူံခြုံမှာ ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူးနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)