/
node/6640

ကိုယ်ဝန်ဆောင်လေးတွေမှာ ဖြစ်တတ်တဲ့ နှလုံးဆိုင်ရာ အပြောင်းအလဲများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်လေးတွေမှာ နှလုံးက ခါတိုင်းထက် ပိုအလုပ်လုပ်ရလေ့ ရှိပါတယ်။ သွေးကြောတွေက ကျယ်ပြန်သွားပြီး နှလုံးသားပေါ်ကို သက်ရောက်တဲ့ဖိအား များတာကြောင့် ဒီလိုလေးတွေ ဖြစ်လာပါတယ်။

●        လှေကား တက်ရင် မောမယ်။

●        ရုတ်တရက် ထလိုက်ရင် မူးမယ်။

●        သွေးပေါင် မငြိမ်သက်တာတွေ ဖြစ်မယ်။

          ကိုယ်ဝန်ဆောင်လေးဟာ လရင့်လာတာနဲ့အမျှ နှလုံးက အရင်ထက် နှစ်ဆကနေ သုံးဆ ပိုအလုပ်လုပ်ရပါတယ်။ နှလုံးခုန်အားကလည်း နှစ်ဆယ်ရာနှုန်း ခုန်တက်သွားပြီး နှလုံးခုန်နှုန်းက ၉၀ ကနေ ၁၀၀ ကြား ဖြစ်လာပါပြီ။

          သွေးပေါင် မငြိမ်မသက်ဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ ဟော်မုန်းတွေကြောင့် ပါ,ပါတယ်။ ဟော်မုန်းတွေက သွေးကြောတွေအပေါ် သက်ရောက်မှုတွေ ပြောင်းလဲလာပြီး အထိုင်အထလေးတွေမှာ မူးမော်တာ အခန့်မသင့်ရင် လဲပြိုကျတာတွေ ဖြစ်စေပါတယ်။

          သိပ်ပင်ပင်ပန်းပန်းတွေ လုပ်တဲ့အခါ သားအိမ်ကို သွေးလျှောက်နှုန်း နည်းသွားတတ်ပါတယ်၊ ဒီလိုနည်းသွားတာဟာ ကလေးအပေါ်မှာတော့ သက်ရောက်မှု မရှိတတ်ပါဘူး။ သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်း အပျော့စားလေးတွေဟာ အချင်းကိုသွေးရောက်နှုန်း ပိုကောင်းလာတယ်လို့တောင် ဆိုနေကြပါတယ်။

          ပက်လက်အိပ်တဲ့အခါ ရိပ်ရိပ်နဲ့ မူးလာတတ်ပါတယ်။ ၃ လကျော်ရင် ပိုဆိုးပါတယ်။ အမြွှာကိုယ်ဝန် ကလေးထွားရင် ရေမွှာရည်များရင် ပိုဆိုးစေပါတယ်။

          ပက်လက်အိပ်တဲ့အခါ  သွေးကြောမကြီးတွေကို သားအိပ်လေးက ဖိထားပါတယ်။ အဲဒီမှာတင် နှလုံးကို သွေးလျှောက်နှုန်း နည်းသွားပြီး သွေးပေါင် ပြုတ်ကျလာတဲ့အတွက် မူးလာတာ ဖြစ်ပါတယ်။ ဘေးတစောင်းလေး အိပ်ခြင်းဖြင့် အဲလိုအခြေအနေကို ကောင်းကောင်းရှောင်နိုင်မှာ အသေအချာပါပဲ။ မကြာခဏ မူးမော်တတ်တဲ့ ကိုယ်ဝန်ဆောင်လေးတွေဟာ သွေးစစ်ဆေး၊ သွေးပေါင် မကြာခဏချိန်ပြီး ရောဂါရှာဖွေ စစ်ဆေးသင့်ပါတယ်။

          အသက်ရှူနှုန်းကလည်း သိသိသာသာ မြန်လာတတ်ပါတယ်။ သားအိမ်က ရင်ဝမ်းခြားကြွက်သားကို တားထားတဲ့အတွက် အဆုတ်က ကောင်းကောင်း မကျယ်ပြန့်နိုင်တော့ဘဲ မကြာခဏ မောတတ်လာပါတယ်။ လှေကားတက်ရင် အဆိုးဆုံးပေါ့။ အသက်ရှူမဝတာမျိုး ကြုံရရတတ်ပါတယ်။

          နောက်ပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်လာတဲ့အတွက် သွေးတွင်းအချိုဓာတ် မြန်မြန်ကျဆင်းတတ်ပြီး မူးတတ်ခြင်း ရင်တုန်တာတွေ ဖြစ်လာပါတယ်။ မွေးပြီးတဲ့အထိ အချိုဓာတ် မမှန်မကန် ဖြစ်နေတတ်တုန်းပါပဲ။ အာဟာရပြည့်အောင် မကြာခဏစားပေးဖို့ လိုအပ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)