/
node/6923

ရာသီများခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ရာသီအလွန်များပြီး ရက်ရှည်လာခြင်းကို ပုံမမှန် ရာသီသွေးဆင်းခြင်းလို့ ခေါ်ပါတယ်။ ၁ ရက်၊ ၂ ရက်လောက် နည်းနည်းများတာလောက်ကို ပြောချင်တာ မဟုတ်ပါဘူး။ ၁ နာရီခြားလောက်ကို လစဉ်သုံးပစ္စည်း လဲနေရတာ၊ လက်ချောင်းတစ်ဆစ်စာလောက်ရှိတဲ့ သွေးခဲတွေ ပါလာတာ၊ ၇ ရက်ထက်ပိုပြီး ရာသီသွေးပေါ်နေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တစ်ခါတလေ များလွန်းလို့ တန်ပွန်ရော၊ အောက်ခံ Pad ရော တပြိုင်နက်တည်း သုံးရတာ၊ ညဘက်ကြီး ထလဲရတာမျိုး ရှိတတ်ပါသေးတယ်။ ဒီိိလိုရာသီများရခြင်းရဲ့ အဓိကအကြောင်းအရင်းက Esrogen နဲ့ progesterone ဟော်မုန်း မညီမျှလို့ ဖြစ်ရတာပါ။ ဒီလိုမညီမျှတဲ့အခါ သားအိမ်နံရံ ထူသထက်ထူလာပြီး ပြန်ကွာကျတဲ့အခါမှာလည်း သွေးထွက် ပိုများရတာ ဖြစ်ပါတယ်။

          မိန်းကလေးအများစုဟာ ရာသီလာခါစမှာ ဟော်မုန်းမညီမျှတဲ့အတွက် ရာသီ အလာများပါတယ်။ သိုင်းရွိုက်ပြဿနာ၊ သွေးရောဂါတွေနဲ့ မိန်းမကိုယ်၊ သားအိမ်ခေါင်း ရောင်ရမ်းပိုးဝင်တဲ့အခါမှာလည်း သွေးဆင်း များနိုင်ပါတယ်။

          ဘာကြောင့် သွေးဆင်းများရလည်း သိဖု့ိအတွက် ဆရာဝန်က မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ပြီး သားအိမ်ခေါင်းချွဲစစ်ဆေးတာ၊ သွေးစစ်တာ၊ အာထရာစောင်းရိုက်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ အကယ်၍ ကုသဖို့လိုအပ်ပါက ဖြစ်စေတဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကုသရမှာ ဖြစ်ပါတယ်။

Dr. Emerald (www.drmyanmar.com)