ကလေးနို့တိုက်စဉ် နို့ချောင်းပိတ်ခြင်း
နို့အုံအတွင်းမှာရှိတဲ့ နို့ဂလင်းလေးတွေ၊ နို့ပြွန်ချောင်းလေးတွေက နို့ထုတ်ပေးပြီး သားမြတ်အောက်မှာ သိုလှောင်ထားပါတယ်။ ကလေးနို့စို့တဲ့အခါ သားမြတ်အဝိုင်းကိုငုံပြီး စို့တဲ့အတွက် နို့တွေကိုကုန်စင်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ နို့ထွက်နှုန်းနဲ့ ကလေးနို့စို့နှုန်းမညီမျှတဲ့အခါ ပိုလျံနေတဲ့နို့တွေက အထဲက နို့ပြွန်ချောင်း သို့မဟုတ် နို့သိုလှောင်အိတ်ငယ်လေးတွေ ပိတ်သွားတတ်တာမျိုးဖြစ်တတ်ပါတယ်။
ကျန်ရှိနေတဲ့နို့တွေကို မထုတ်နိုင်သေးမီ နို့အသစ်ထုတ်လုပ်မှုကြောင့်ဖြစ်နိုင်သလို တစ်ခါတစ်လေ ပြစ်ခဲနေတဲ့နို့တွေက နို့အိတ်ကိုသွားပိတ်ရာမှာ ပြွန်တစ်လျောက်ပိတ်သွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ပြွန်လမ်းကြောင်းပိတ်သွားတဲ့အခါ ပိတ်နေတဲ့နေရာမှာ မာမာအခဲကြီးပေါ်လာပြီး ထိလိုက်တိုင်းနာနေတတ်ပါတယ်။
မကုသပဲထားလိုက်ပါက နို့တင်းတာ၊ ပိုးဝင်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ပိတ်နေတဲ့ပြွန်ချောင်းထဲ ပိုးဝင်ရာကနေ ရင်သားတစ်ခုလုံး ရောင်ပြီး နီရဲနာကျင်လာနိုင်သလို ပြည်တည်တာမျိုးတောင် ဖြစ်လာတတ်ပါတယ်။
>> ဘယ်လိုကာကွယ်မလဲ
1.စုပုံလာတဲ့နို့တွေကုန်စင်အောင် နို့ပုံမှန်တိုက်ပါ။
ရင်သားတစ်ဖက်မှာ ရောင်လာတာ၊ နို့ခဲဖြစ်လာတာမျိုးတွေ့ပါက အဲဒီ ရောင်နေတဲ့ဖက်ကို များများပိုတိုက်ပါ။ ရောင်နေတဲ့ဖက်ကို တိုက်ခြင်းက ကလေးကိုမထိခိုက်စေပါဘူး။ ဒါဟာ ရောင်နေတာ၊ အခဲဖြစ်နေတာကို သဘာဝအတိုင်းသက်သာစေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
2. ရင်သားကိုနှိပ်နယ်ပေးတဲ့အခါ နို့သီးခေါင်းဘက်ကို ဦးတည်ပြီး နှိပ်နယ်ပေးသင့်ပါတယ်။ ဒီလိုနှိပ်နယ်ပေးခြင်းဖြင့် နို့စုပ်ထုတ်တဲ့အခါ၊ နို့တိုက်တဲ့အခါ နို့ပြွန်ချောင်းတွေကို ပွင့်စေနိုင်မှာ ဖြစ်ပါတယ်။
3. ပိတ်နေတဲ့နို့ပြွန်ကနေ နို့ကောင်းကောင်းထွက်စေဖို့ ပုံစံပြောင်းတိုက်ကြည့်ပါ။ လှဲတိုက်နေကျဆိုရင် မတ်မတ်ထိုင်ပြီး ကလေးကို လက်မှာပွေ့ပြီး တိုက်သင့်ပါတယ်။ ပုံစံတစ်မျိုးပြောင်းတိုက်ခြင်းက ပိုလျံနေတဲ့နို့တွေကို ကောင်းကောင်းထွက်စေပါတယ်။
(Unicode)






























