/
node/7080

ကိုယ်၀န်ဆောင်မေမေတို့ရဲ့ ခေါင်းကိုက်ေ၀ဒနာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်၀န်ဆောင် မိခင်လောင်းများအနေဖြင့် ခေါင်းကိုက်ခြင်းေ၀ဒနာကို မကြာခဏဆိုသလို ခံစားရပါတယ်။

          ကိုယ်၀န်ဆောင်စဉ် ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြီး ကိုယ်၀န်စရှိစ ကာလများတွင် ပိုမိုအဖြစ်များနိုင်ပါတယ်။ ကိုယ်၀န်သက် ရင့်လာတာနှင့်အမျှ ခေါင်းကိုက်တဲ့အကြိမ်ရေ တဖြည်းဖြည်း လျော့နည်းလာမှာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ်၀န်ရင့်လာချိန်တွင် မကြာခဏ ခေါင်းကိုက်နေသေးပါက ကိုယ်၀န်ဆိပ်တက်ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။

 

>>    ကိုယ်၀န်ဆောင်စဉ် ခေါင်းကိုက်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများ

        ကို်ယ်၀န်ဆောင်ချိန်ပထမ ၃ လနှင့် နောက်ဆုံး ၃ လမှာ အမျိုးသမီးအများစု ခေါင်းကိုက်တတ်ကြပါတယ်။ သင်ဟာ ကိုယ်၀န်ဆောင်မိခင်တစ်ဦးဖြစ်ပါက ကိုယ်၀န်ပတ် ၉ ပတ်မြောက်လောက်မှာ မကြာခဏ ခေါင်းကိုက်ခြင်းကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

        ဟော်မုန်းအပြောင်းအလဲများက ခေါင်းကိုက်စေသလိုပဲ ကို်ယ်၀န်ဆောင်စဉ် သွေးပျစ်ခြင်းကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။

          အခြားသော ခေါင်းကိုက်စေသည့် အကြောင်းရင်း ဘာတွေရှိသေးလဲဆိုတာကို လေ့လာကြည့်ရအောင်။

(၁)     အိပ်ရေးမ၀ခြင်း

(၂)     ကော်ဖီနှင့် ကဖင်းပါသောအရာများကို ဖြတ်ခြင်း

(၃)     သွေးတွင်းအချိုဓာတ်နည်းခြင်း

(၄)     ရေဓာတ်မပြည့်၀ခြင်း

(၅)     စိတ်ဖိစီးမှုများခြင်း

(၆)     ကိုယ်၀န်ကြောင့် ကိုယ်နေဟန်ထားမမှန်ခြင်း

(၇)     စိတ်ဓာတ်ကျခြင်း၊ သောကများခြင်းတို့ ဖြစ်ပါတယ်။

 

>>    ခေါင်းတစ်ခြမ်းကို်က်ခြင်း

**      အဖြစ်များသော ခေါင်းကိုက်ခြင်းတစ်မျိုးဖြစ်ပြီး နားထင်တစ်ခြမ်းတွင် နာကျင်ကိုက်ခဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့်အတူ မူးေ၀အော့အန်ခြင်း၊ အလင်းရောင် မခံနိုင်ခြင်းတို့လည်း တွဲဖက်ခံစားရတတ်ပါတယ်။

**      ကိုယ်၀န်ဆောင်မိခင်များအနေဖြင့် ပထမ ကိုယ်၀န်သုံးလအတွင်း ပြင်းထန်စွာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရဖို့ အလားအလာများပါတယ်။ ကိုယ်၀န်သက် ရင့်လာတာနှင့်အမျှ အီစတိုဂျင်ဟော်မုန်း ပြန်လည်မျှတလာတာမို့ ခေါင်းကိုက်သောအကြိမ်ရေ တဖြည်းဖြည်း လျော့ပါးလာမှာပါ။

 

>>    ဆောင်ရန်များ

        ကိုယ်၀န်ဆောင်ကာလတွင်း ခေါင်းကိုက်ခြင်းအတွက် ဆေးဝါးများ သောက်သုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ပြီး သဘာ၀နည်းအတိုင်း သက်သာအောင် ကြိုးစားသင့်ပါတယ်။

●        အိပ်ရေး၀အောင် အိပ်စက်ပါ။ နေ့လယ်နေ့ခင်း သက်သောင့်သက်သာ အနားယူပါ။

●        ကိုယ်၀န်ဆောင်များအတွက် သီးသန့်ဖွင့်လှစ်သော ယောဂသင်တန်းများ တက်ရောက်ပါ။

●        နေပုံထိုင်ပုံ ကိုယ်နေဟန်ထား မှန်ကန်ပါစေ။

●        ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို နေ့စဉ်စားပါ။ အာဟာရဓာတ် ပြည့်၀ဖို့ အရေးကြီးပါတယ်။

●        မျက်နှာသုတ်ပဝါကို ရေကြက်သီးနွေးဖြင့်စိမ်ကာ မျက်စိနှင့် နှာခေါင်းနေရာတွင် တင်ထားပေးပါ။

●        ဇက်ကြောပေါ်သို့ ရေခဲ၀တ် သို့မဟုတ် ရေနွေးအိတ် ကပ်ပေးပါ။

●        ဇက်ကြောနှင့် ပခုံးသားများကို မှန်ကန်သောနည်းလမ်းဖြင့် နှိပ်နယ်ပါ။

 

>>    ရှောင်ရန်များ

          အောက်ဖော်ပြပါ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေသောအရာများကို ရှောင်ရှားသင့်ပါတယ်။

●        ချောကလက်

●        ဒိန်ချဉ်

●        မြေပဲ

●        ပေါင်မုန့်

●        စည်သွတ်ဗူးများ

●        အချိုမှုန့်ပါသော အစာများ

●        ကော်ဖီ လွန်ကဲစွာသောက်ခြင်း

●        စူးရှသော အမွှေးနံ့များ

●        ကျယ်လောင်သောအသံများ

●        ကွန်ပျူတာ၊ တီဗီကြည့်ခြင်း

●        အားကစား လွန်ကဲစွာပြုလုပ်ခြင်း

●        စိတ်ဖိစီးမှုနှင့် သောကများ

          အထက်ပါနည်းလမ်းများကို အသုံးပြုသော်လည်း ခေါင်းကိုက်ခြင်း ဆက်လက်ဖြစ်ပေါ်ပါက ဆရာ၀န်နှင့်ပြသပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။ အချို့သော အကိုက်အခဲပျောက်ဆေးများဟာ သနေ္ဓသားကို ထိခိုက်စေတာမို့ မိမိသဘောအတိုင်း သောက်သုံးခြင်းကို မပြုလုပ်သင့်ပါဘူး။

          ကိုယ်၀န်ဆောင်ချိန် ခေါင်းကိုက်ခြင်းဟာ သဘာ၀တစ်ခု ဖြစ်သော်လည်း မခံမရပ်နိုင်အောင် ကိုက်တာမျိုးရှိပါက ဆရာ၀န်နှင့်ပြသဖို့ မမေ့နဲ့နော်။ အထူးသဖြင့် ကိုယ်၀န်ဆောင်ချိန် သွေးတိုးရောဂါ ဖြစ်ပေါ်ခြင်းရှိပါက ကိုယ်၀န်ဆိပ် တက်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)