ကလေးတွေမှာဖြစ်တဲ့ အစာအိမ်နာ
အသက် ၁၈ နှစ်မတိုင်ခင် လူငယ်တွေနဲ့ ကလေးငယ်တွေဟာလည်း လူကြီးတွေလို အစာအိ်မ်နာရောဂါ ဖြစ်နေတတ်ပါသတဲ့။ အစာအိမ်နာက H Pylori လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ပြင်းပြင်းထန်ထန် နောက်ခံအကြောင်းတွေမရှိရင် သေချာကုသပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။
>> ကလေးတွေမှာ အစာအိမ်နာရောဂါဖြစ်တဲ့အခါ -
● ရင်ခေါင်းပူမယ်။
● လေပွမယ်။
● ကလေးက စားပြီးတိုင်း အန်မယ်၊ ပျို့မယ်။
● အစား နည်းလာမယ်။
● နေလို့မကောင်း မကြာခဏ ခံစားရမယ်။
>> အစားစားပြီး ချက်ချင်းနာလာရင် -
အနာက အစာအိမ်ထဲမှာရှိပြီး စားပြီး သုံးလေးနာရီနေမှ ရင်ခေါင်း ပူလာ၊ နာလာရင်တော့ အူသိမ်နာဖြစ်ပါတယ်။
ကလေးတွေမှာ အစာအိမ်နာရောဂါဖြစ်တဲ့အခါ စိတ်ပူစရာ အခြေအနေကတော့ အစာအိမ်သွေးကြောပေါက်တာပါ။
ကော်ဖီရောင်တွေ အန်မယ်၊ ဝမ်းမည်းမည်းတွေ သွားမယ်၊ သွေးစလေးတွေ အန်မယ်ဆိုရင် အစာအိမ်နာကနေ သွေးယိုနေပါပြီ။ ဆေးရုံပြသ ကုသရမှာ ဖြစ်ပါတယ်။
နောက်ပြီး ကလေးတစ်ယောက် အစားမစားနိုင်တဲ့အခါ ခဏခဏ အစားပျက်ပြီး ပိန်လိုက်လာတဲ့အခါ အာဟာရချို့တဲ့တာအပြင် အစာအိမ်ပေါက်တာ၊ အူပိတ်တာတွေပါ ဖြစ်စေပါတယ်။
မသန့်ရှင်းတဲ့အစားအစာတွေ သေချာချက်ပြုတ်မထားတဲ့ အစာတွေမှာ အစာအိမ်ရောဂါပိုး ပါဝင်နေပြီး နာတာရှည်ကူးစက်ကာ ကလေးတွေရဲ့ အစာအိမ်နုနုကို အနာဖြစ်စေမှာ ဖြစ်ပါတယ်။
● အဆစ်ရောင်ရောဂါကြောင့် မကြာခဏ အကိုက်ပျောက်ဆေး သောက်နေရတဲ့ကလေးတွေ
● အစာအိမ်နာတဲ့ မျိုးရိုးရှိတာ
● ကလေးတွေကို စိတ်ဖိစီးစေတဲ့ ကျူရှင်၊ ကျောင်း၊ အိမ်တွင်းရေး ပြဿနာတွေ
● အဝလွန်နေတဲ့ကလေးတွေ
● ရင်ပူနာခံစားနေရတဲ့ ကလေးတွေကလည်း ရင်ခေါင်း အောင့်တတ်ပါတယ်။
>> ရှားပါးရောဂါအချို့ကလည်း ကလေးတွေကို အစာအိမ်နာစေပါတယ်။
● စစ်စတစ်ဖိုက်ဘရိုးစစ်ရောဂါ
● သွေးကင်ဆာရောဂါ
● အစာအိမ်အက်ဆစ်လွန်ရောဂါ
● ဟော်မုန်းမူမမှန်ရောဂါတွေ ဖြစ်ပါတယ်။
>> အစာအိမ်နာရောဂါ ရှာတဲ့အခါ -
● သွေးစစ်မယ်
● ဝမ်းစစ်မယ်
● ရှူထုတ်လိုက်တဲ့လေတွေထဲမှာ အစာအိမ်ပိုးကြောင့်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ပမာဏ စစ်ဆေးတိုင်းတာတာတွေ
● လိုအပ်ရင် အစာအိမ်မှန်ပြောင်းကြည့် ကုသရပါတယ်။
ဆေးကတော့ အစာအိမ်ပိုးကို ဖယ်ရှားရှင်းလင်းတဲ့ ပဋိဇီဝဆေး ရက်ပတ်လည်အောင် သောက်သုံးရသလို အက်ဆစ်အထွက်နည်းတဲ့ ဆေးတွေပါ တွဲဖက်သောက်သုံးရပါတယ်။
ကလေးတွေကို အချိုရည်တွေ၊ အပူအစပ်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်တိုက်တာတွေ ရှောင်ကြဉ်ပြီး ပူနွေးလတ်ဆတ်ပြီး ပျော့ပြောင်းသန့်ရှင်းတဲ့ အစားအစာတွေကိုသာ ကျွေးကြဖို့ တိုက်တွန်းပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























