/
node/7884

ကလေးလေး ခေါင်းတစ်ခါခါ ဖြစ်နေတာ ပုံမှန်မှဟုတ်ရဲ့လားလို့ စိတ်ပူနေကြတဲ့ မေမေ၊ ဖေဖေတို့အတွက်

Category
ကလေးများနှင့်ကျန်းမာရေး

          တစ်နှစ်ပြည့်တဲ့အခါ ကလေးရဲ့ အလိုအလျောက် တုံ့ပြန်နိုင်စွမ်းနဲ့ ကြွက်သားလှုပ်ရှားမှုတွေ အားကောင်းလာတာနဲ့အမျှ ပြုံးရယ်လာတာ၊ လက်စုပ်လာတာ၊ ခြေလေးလက်လေး မြှောက်နိုင်လာတာ၊ ဘူးမှုတ်လာတာ စသဖြင့် မေမေ၊ ဖေဖေတို့အတွက် အထူးအဆန်းလေးတွေ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ခေါင်းတစ်ခါခါ လုပ်နေတာကို တွေ့ရင်တော့ လန့်လန့်သွားတတ်ကြတယ်။ တကယ်တော့ လည်ပင်းကြွက်သားလေးတွေ သန်မာလာတာကို ဖော်ပြနေတာမို့ စိတ်ပူစရာ မလိုဘူးနော်။

          အသက် ၉ လလောက် ရောက်တာနဲ့ ခေါင်းခါလာနိုင်ပြီ။ ဒါဟာ ကလေးလေးတွေရဲ့ ဆက်သွယ်မှုပုံစံတစ်မျိုးလည်း ဖြစ်တယ်။ တစ်ခါတလေလည်း အာရုံကြောပြဿနာတွေ၊ ဖွံ့ဖြိုးမှုပြဿနာတွေ ဖြစ်နေနိုင်တာမို့ ဘယ်လိုအချိန်မှာ သတိထားရမယ်ဆိုတာကို ဖော်ပြပေးသွားပါ့မယ်နော်။

 

>>    ဘယ်လိုအချိန်မျိုးမှာ ပုံမှန်လို့ ဆိုနိုင်မလဲ?

၁။     ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လာခြင်း

          တဖြည်းဖြည်းနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် ထိန်းချုပ်လာနိုင်တာကြောင့် လူကြီးတွေ လုပ်သမျှကို အတုခိုး လိုက်လုပ်လာနိုင်တယ်။

 

၂။     ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာ

          ကလေးလေးတွေ ပင်ပန်းနွမ်းနယ်လာတဲ့အခါ ခေါင်းတစ်ခါခါလုပ်ခြင်းက မူးဝေစေပြီး အိပ်ပျော်သွားစေတယ်။

 

၃။     နားပိုးဝင်ခြင်း

          ကလေးဖျားနေ၊ အအေးမိနေ၊ သွားပေါက်နေချိန်မျိုးမှာဆို ဆရာဝန်နဲ့ပြဖို့ လိုတယ်။ နားပိုးဝင်နေချိန်မိျုး၊ သွားဖုံးတွေ နာနေချိန်မျိုးမှာ သက်သာလို သက်သာငြား ခေါင်းတစ်ခါခါ လုပ်တတ်ကြတယ်။

 

၄။     နို့တိုက်နေချိန် ခေါင်းခါခြင်း

          ကလေးတွေ နို့စို့ဖို့ နို့ဆွဲနေချိန်မျိုးမှာ ခေါင်းခါတတ်ကြတယ်။ နောက်ပိုင်းမှာ အကျင့်ပါသွားပြီး နို့စို့ရလို့ စိတ်လှုပ်ရှား ပျော်ရွှင်လာရင်လည်း ခါတတ်ကြသေးတယ်။ ဒါကြောင့် အစောပိုင်း ၃ လလောက်မှာ နို့တိုက်ရင် ကလေး ခေါင်းလေးကို ထိန်းကိုင်ပေးထားဖို့ လိုပါတယ်။

 

၅။     ကစားနေချိန် ခေါင်းလှုပ်ခြင်း

          ဆော့ကစားနေချိန်၊ မှောက်နေချိန်၊ ပက်လက်လှဲနေချိန်တွေမှာ ခေါင်းတစ်ခါခါ လှုပ်ရမ်းနေတာမျိုးကို သတိထားမိမှာပေါ့။ အသက် ၆ လကနေ ၈ လလောက်အတွင်းမှာ ကလေးတွေဟာ ဘေးကလူကြီးတွေ၊ မောင်နှမသားချင်းတွေကို အတုခိုးလေ့ရှိကြတယ်။

 

၆။     လှုပ်ရှားနိုင်စွမ်းကို ဆန်းစစ်ခြင်း

          ကလေးလေးတွေဟာ အရဲတင့်တယ်နော်။ သူတို့ ဘယ်လောက်ထိ လှုပ်ရှားနိုင်တယ်ဆိုတာ သိရဖို့ ခေါင်းတင်မက တစ်ကိုယ်လုံးမှာ ခါယမ်းတတ်ကြတယ်။ မကြာခင် သူ ဘယ်လိုထိုင်ရမယ်ဆိုတာပါ သိလာတော့မှာမို့ မကြောက်မလန့်ကြပါနဲ့လို့ မေမေ၊ ဖေဖေတို့ကို ပြောချင်တယ်။

 

>>    အော်တစ်ဇင်ရောဂါစုများ ဖြစ်နေမလား?

          မကြာခဏ ခေါင်းကို ခါယမ်းနေတာလိုမျိုး လှုပ်ရှားမှုတွေဟာ အော်တစ်ဇင်ရောဂါစုလက္ခဏာတွေ ဖြစ်နိုင်တာကြောင့် အော်တစ်ဇင်ရဲ့ တခြားလက္ခဏာရပ်တွေကိုပါ သိထားသင့်တာပေါ့။ ကလေးအသက် ၁၈ လလောက်ကစပြီး ဒီလက္ခဏာတွေကို သတိထားမိတတ်ပြီး အော်တစ်ဇင်မဟုတ်ရင် အသက် ၃ နှစ်လောက်မှာတင် ပျောက်သွားတတ်တယ်နော်။

 

>>    ကလေး ခေါင်းမခါအောင် ဘယ်လိုထိန်းရမလဲ။

          ခေါင်း တောက်လျှောက်ခါတဲ့အခါ မူးဝေတာမျိုး ဖြစ်စေတတ်တယ်။

၁။     ဂရုစိုက်မပြပါနဲ့။

          ဂရုစိုက်ပြရင် ပိုလုပ်ပြတတ်တာ ကလေးသဘာဝပါပဲ။

 

၂။     အကြိမ်အရေအတွက်နဲ့ ကြာချိန်ကို မှတ်သားထားပါ။

          ဘယ်လိုအချိန်မျိုးမှာ ခေါင်း ခါယမ်းတတ်တယ်၊ ဘယ်လောက် ကြာတယ်ဆိုတာတွေကို မှတ်သားထားပါ။

 

၃။     ပတ်ဝန်းကျင်ကို ပြောင်းလဲပေးပါ။

          ကလေး ခေါင်းခါယမ်းနေပြီဆိုရင် ပိုပြီးအေးချမ်းဆိတ်ငြိမ်တဲ့ နေရာမျိုးကို ခေါ်သွားပေးပါ။

 

၄။     ပြေလျော့စေတဲ့နည်းလမ်းလေးတွေကို စဉ်းစားပါ။

          အဆီလေးတစ်မျိုးမျိုးနဲ့ ကလေးရဲ့ကြွက်သားလေးတွေကို ပြေလျော့ပါစေ။

 

>>    ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ?

●        မိဘတွေ၊ မောင်နှမသားချင်းတွေနဲ့ အဆက်အဆံနည်းတယ်။

●        မျက်လုံးချင်း သိပ်မဆုံဘူး၊ မျက်လုံး ပုံမမှန်လှုပ်ရှားမှုတွေ ရှိနေတယ်။

●        ခေါင်းတိုက်တာကြောင့် ခေါင်းမှာ အမာရွတ်တွေ ဖြစ်လာတယ်။

●        စိတ်ပူပန်ချိန်မျိုးမှာ ခေါင်းခါယမ်းတာ ပိုဆိုးလာတယ်။

●        သူတို့ကိုသူတို့ ထိခိုက်စေလိုတဲ့ပုံမျိုး ရှိတယ်။

●        အသံကြားလည်း၊ နာမည်ခေါ်လည်း ဂရုမစိုက်ဘူး။

●        အသက် ၂ နှစ်ကြာချိန်ထိ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုပါလိမ့်မယ်။

 

>>    တခြား ပုံမမှန်လက္ခဏာတွေကတော့ -

          ကလေးလေးတွေဟာ သူတို့ဟာသူတို့ ချော့တ့ဲအနေနဲ့ ပုံမမှန်ထူးခြားတဲ့လက္ခဏာတွေကို ပြုလုပ်တတ်ကြတယ်။ ခေါင်းတိုက်တိုက်နေတာ၊ သူ့ဆံပင်၊ အမေ့ဆံပင်၊ နားရွက်၊ ဝမ်းဗိုက်၊ ဂျိုးလေးတွေနဲ့ ဆော့နေတတ်တာ၊ ဘယ်ညာခါယမ်းနေတာ စတဲ့ လက္ခဏာတွေဟာ စိုးရိမ်စရာမလိုပေမယ့် ဒီလက္ခဏာတွေအပြင် အခြားလက္ခဏာတွေပါ ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါတော့။

Dr. Mya Phoo Ngon (www.drmyanmar.com)