/
node/7894

အလွယ်တကူ သတိပြုမိရန် ခဲယဉ်းသော သားဥအိမ်ကင်ဆာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          သားဥအိိမ်ကင်ဆာက အသံတိတ် လူသတ်သမားတစ်ဦးဆိုရင် ထိတ်လန့်သွားကြမယ် ထင်ပါတယ်။ ဘာလို့လဲဆိုပါက သားဥအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေက သတိမပြုမိလောက်အောင် သေးငယ်ပါတယ်။ ဒါကြောင့် သတိမထားမိရာကနေ ရောဂါ တစ်စထက်တစ်စ ရင့်လာပြီးနောက် အသက်သေဆုံးသည်အထိ ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ သားဥအိမ်ကင်ဆာဟာ အမျိုးသမီးကင်ဆာရောဂါကြောင့် သေဆုံးမှုများအနက် နံပါတ် ၅ တွင် ရပ်တည်နေပါတယ်။ ဒီလိုကြောက်မက်ဖွယ် သားဥအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေကို လေ့လာကြည့်ရအောင်။

 

(၁)     အမြဲတစေ ဗိုက်နာခြင်း၊ မိန်းမကိုယ်နားတစ်ဝိုက် နာခြင်း

          သားဥအိမ်ကင်ဆာ ပျံ့နှံ့တဲ့အဆင့် ဖြစ်နေပါပြီ။ ထိုအဆင့်ရောက်နေပါက မိန်းမကိုယ်တစ်ဝိုက်နဲ့ ဗိုက်ထဲတွင် အကျိတ်များစွာ ရှိနေနိုင်ပါတယ်။ ဗိုက်ထဲတွင်လည်း ရေဖျဉ်းအရည်များ ပြည့်နှက်နေနိုင်ပါတယ်။

 

(၂)     အစာ စားမဝင်ခြင်း၊ ပျို့အန်ခြင်း

          ကင်ဆာအကျိတ်များဟာ အစာအိမ်ထိ ပျံ့နှံ့ကြီးထွားခြင်းကြောင့် အစာမစားပဲ ဗိုက်ပြည့်နေသလို ခံစားရတတ်သလို သားဥအိမ်ကင်ဆာ ပျံ့နှံ့လာပါကလည်း အူများကို ထိခိုက်စေနိုင်ပါတယ်။

 

(၃)     လေပွခြင်း၊ ဝမ်းချုပ်ခြင်း

          သားဥအိမ်ကင်ဆာကြောင့် အူလမ်းကြောင်း လုပ်ဆောင်ချက်များကို ပျက်ပြားစေတဲ့အတွက် ဝမ်း ကောင်းစွာ မစွန့်ထုတ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

          ထိုနည်းတူ ဝမ်းဗိုက်ထိ ပျံ့နှံ့နေပါက အစာမကြေခြင်း၊ လေပွခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

(၄)     ဆီး အလွန်သွားခြင်း

          ကင်ဆာကျိတ်က ဆီးအိမ်ကို ဖိမိပြီး ဆီးအိမ်လုပ်ဆောင်ချက်ကို ပျက်ပြားစေပြီး ဆီး မကြာခဏ ဆီးသွားချင်စိတ် ဖြစ်စေပါတယ်။

 

(၅)     ရာသီမမှန်ခြင်း

          သားဥအိမ်တွင် ဖြစ်ပေါ်နေသော ကင်ဆာကျိတ်ကြောင့် သားဥအိမ် လုပ်ဆောင်ချက်များကို ပျက်ပြားစေရာမှ ရာသီနည်းခြင်း၊ မမှန်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

 

(၆)     လိင်ဆက်ဆံစဉ် နာကျင်ခြင်း

          အလွန်ကြီးမားသော ကင်ဆာကျိတ်များဟာ မိန်းမကိုယ်ထိ ထိုးထွက်နေသောကြောင့် လိင်ဆက်ဆံစဉ် နာကျင်ခြင်းကို ဖြစ်စေပါတယ်။

 

(၇)     ရင်ပူခြင်း

          ကင်ဆာကျိတ်များ ပျံ့နှံ့လာသောအခါ အစာအိမ်မှ အက်ဆစ်ဓာတ်များဟာ အစာရေမျိုထိ ဆန်တက်လာခြင်းကြောင့် ရင်ပူစေပါတယ်။

          အမေရိကန်ကင်ဆာအဖွဲ့ရဲ့အဆိုအရ အမျိုးသမီး ၇၈ ယောက်အနက် ၁ ယောက်ဟာ သားဥအိမ်ကင်ဆာဖြစ်ပေါ်ဖို့ အလားအလာ ရှိပါတယ်။ ဒါကြောင့် အထက်ပါလက္ခဏာများ တွေ့ကြုံပါက တုံ့နှေးခြင်းမရှိပဲ ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ မမေ့နဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)