/
node/7900

ရင်သွေးငယ်များ ကျန်းမာရေး မေမေ့အစားအသောက် ဆင်ခြင်ပေး

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကျွန်မတို့ ငယ်စဉ်ကတည်းက မိဘဘိုးဘွားများပြောတာ ကြားဖူးခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ စားလိုက်သမျှ အစာတိုင်းဟာ ဗိုက်ထဲက ကလေးကို သက်ရောက်မှုရှိတယ်ဆိုတဲ့ စကားပါ။ ဒီစကားက မှန်ကန်ပါသလားဆိုရင် YES လို့ပဲ အဖြေပေးရမှာပါပဲ။ ဆေးပညာအရလည်း မိခင်ရဲ့ နေ့စဉ်စားသောက်ပုံက ရင်သွေးလေးရဲ့ ကြီးထွားမှုနဲ့ ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်တာ တွေ့ရှိရပါတယ်။

          ဒီလိုဆိုရင် ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေနဲ့ ကိုယ်ဝန်ဆောင်စဉ် စားသင့်သော အစားအစာများနဲ့ ရှောင်သင့်သောအစာများကို ခွဲခြားသိရန် အရေးကြီးတယ် မဟုတ်ပါလား။

 

>>    ကစီဓာတ် နည်းပါးသောအစာများကို ရွေးချယ်ပါ။

          ကစီဓာတ် နည်းပါးသော အစာများက သင့်သွေးတွင်းအချိုဓာတ်ကို ပုံမှန်အနေအထားတွင် ထိန်းသိမ်းပေးတဲ့အတွက် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ထို့ပြင် ကိုယ်ဝန်ဆောင်စဉ် အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသေးတယ်။

        ကိုယ်ဝန်ဆောင်မိခင်လောင်းများ နေ့စဉ်စားပေးသင့်သော အစားအစာ အုပ်စုများကတော့ -

(၁)     ဆန်လုံးညို၊ ဂျုံ၊ ပြောင်း၊ ကွေကာ စသော နှံစားသီးနှံများ

          ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ် လိုအပ်သော အာဟာရများကို ပေးစွမ်းပါတယ်။ အမျှင်ဓာတ် ပါဝင်လို့ အစာချေစနစ်ကို အထောက်အကူပြုပြီး မဂ္ဂနီဆီယမ်က ကလေးငယ်ရဲ့ အရိုးနဲ့ သွားများ ကြ့့့ံခိုင်စေပါလိမ့်မယ်။

 

(၂)     သစ်သီးဝလံများ

          အချိုများလွန်းသော သစ်သီးများကလွဲပြီး မိမိနှစ်သက်ရာ အသီးအနှံများကို နေ့စဉ်စားပေးနိုင်ပါတယ်။ သစ်သီးတွေမှာ ဗီတာမင်စီအပြင် အမျှင်ဓာတ်နဲ့ ဖောလစ်အက်စစ် ပါဝင်တဲ့အတွက် မိခင်ကော ကလေးကိုပါ ကျန်းမာကြံ့ခိုင်စေပါတယ်။

 

(၃)     ဟင်းသီးဟင်းရွက်အမျိုးမျိုး

          ကန်စွန်းဥ၊ အာလူးမှစပြီး ငရုတ်ပွသီးနဲ့ ခရမ်းသီးအလယ် ဟင်းနုနယ်၊ ကန်စွန်းရွက်အဆုံး ဟင်းသီးဟင်းရွက် အမျိုးမျိုးကို စားသုံးပေးနိုင်ပါတယ်။ ဟင်းရွက်များစားရင် ကလေး လေပွမယ်စသည့် အယူအမှားအများကို မေ့ပစ်ပါ။ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို နေ့စဉ်စားပေးခြင်းဖြင့် လိုအပ်သော ဗီတာမင်အမျိုးမျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။

 

(၄)     ပရိုတင်းဓာတ်

          အနီရောင်အသားများနဲ့ ငါးအမျိုးမျိုးကို စားပေးနိုင်ပါတယ်။ အသားများတွင်ပါသော သံဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်များက ရင်သွေးလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ ကူညီမယ့်အပြင် ဗီတာမင်ဘီအုပ်စုများ ပါဝင်တဲ့အတွက် အာရုံကြောစနစ်ကို အားကောင်းစေပြီး သွေးနီဥများကို ပိုမိုထုတ်ပေးစေပါတယ်။ အသားမကြိုက်သူများအနေနဲ့ ပဲအမျိုးမျိုး၊ ကြက်ဥ စသည်တို့ကို စားပေးသင့်ပါတယ်။

 

(၅)     နို့နဲ့ နို့ထွက်ပစ္စည်းများ

          ဗီတာမင် အေနဲ့ဒီ ရရှိစေတဲ့အတွက် ကလေးရဲ့ သွားနဲ့အရိုးများ သန်မာစေပြီး အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။

          နွားနို့၊ ဒိန်ချဉ်၊ ချိစ် စသည်ဖြင့် မိမိနှစ်သက်ရာ စားသုံးပေးနိုင်ပါတယ်။

           ရင်သွေးလေးများရဲ့ ကျန်းမာရေးဟာ မေမေတို့ရဲ့ အစားအသောက် အနေအထိုင်ပေါ် မူတည်ပြီး ကွဲပြားသွားမှာ ဖြစ်တဲ့အတွက် အာဟာရရှိတဲ့ အစားအစာများကို နေ့စဉ်စားသုံးပေးဖို့ မမေ့ပါနဲ့ မေမေလောင်းလျာလေးတို့ရေ ...။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)