/
node/7969

ဗိုက်ထဲက ကလေးလေး ပျော်စေဖို့ ...

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ဗိုက်ထဲက ကလေးလေး ပျော်စေဖို့လို့ဆိုတော့ နည်းနည်းများ ထူးဆန်းသွားကြမယ် ထင်ပါတယ်နော်။ တကယ်ပဲ မွေးတောင် မမွေးရသေးတဲ့ ဗိုက်ဗိုက်ထဲက ဘေဘီလေးကို ပျော်အောင်လုပ်ပေးနိုင်ပါတယ်။

          စကားစမြည် ပြောပေးတာ၊ ဆော့ကစားပေးတာ၊ သီချင်းနားထောင်တာတွေက မေမေနဲ့ ကလေးလေးတို့ကြားမှာ ချစ်ခင်နွေးထွေးမှုကို ပေးစွမ်းနိုင်ပါသတဲ့။

          ကလေးလေး ပျော်အောင်ထားဖို့ ၉ လလုံးလုံး စောင့်နေစရာ မလိုဘူးဆိုတော့ ပျော်စရာကြီးပေါ့။

 

>>    မမွေးသေးတဲ့ကလေးလေးကို ပျော်ရွှင်စေဖို့ -

          ဖေဖေ၊ မေမေ အလောင်းအလျာတွေဟာ ဗိုက်ထဲက ရင်နှစ်ကလေးလေးကို ပွေ့ချီချော့မြူ ရတော့မှာကို တွေးတွေးပျော်နေတတ်ကြပါတယ်။

          တကယ်တော့ ဗိုက်ထဲမှာကတည်းက ကလေးနဲ့ ဆော့ကစားပေးတာက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်တဲ့နော်။ ကဲ ... ဒါဆို ကလေးကို ဘယ်လိုပျော်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးသွယ်ကို ပြောပြပါတော့မယ်။

 

၁။     ဗိုက်ထဲက ကလေးကို စကားပြောပေးပါ။

          ကိုယ်ဝန် ၄ လ လောက်ရောက်တဲ့အခါ ကလေးလေးအသံတွေ စကြားလာရပါပြီ။ ဒီအချိန်ကစပြီး ကလေးက အသံမှန်သမျှ အကုန်နားထောင်နေတော့ပါတယ်။ မေမေ့ရဲ့နှလုံးခုန်သံ၊ မေမေ့ရဲ့အသက်ရှူသံ၊ မေမေ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လှုပ်ခါပွတ်တိုက်သံတွေအထိပါပေါ့။

          မထူးဆန်းဘူးလား။

          ကလေးအတွက် လူ့ဘဝကြီးနဲ့ ပထမဆုံးစတင် ဆက်သွယ်မိတာဟာ မေမေနဲ့ပါ။ မေမေ့ကို ပထမဆုံး သိရှိလက်ခံတဲ့အပြင် မေမေ့ဆီကနေ စတင်သင်ယူကြပါတယ်။ ဒါကြောင့် မေမေနဲ့ ဖေဖေက စကားပြောပြောပေးမယ်ဆိုရင် ကလေးရဲ့ ပြောဆိုဆက်သွယ်မှုတွေ တိုးတက်လာတဲ့အပြင် ပိုပိုပြီးကျန်းမာ၊ ချင်ခင်တွယ်တာတက်ပြီး ပိုပြီးလည်း အရာရာကို ခံစားတတ်စိတ်တွေ ပေါ်ထွန်းလာနိုင်ပါတယ်။

          သီချင်းဆိုတာကလည်း ဒီအတိုင်းပါပဲ။

          သီချင်းဆိုပြတာဟာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတာမို့ တချို့က သီချင်းဆိုပြခြင်းဟာ မေမေတွေ ကလေးကို ပေးနိုင်တဲ့ အကောင်းဆုံးအာဟာရလို့တောင် တင်စားပါတယ်။

          ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ကလေးကို ပျော်ရွှင်စေချင်ရင် လိုက်နာရမယ့်အချက် နံပါတ် ၁ က ကလေးကို စကားပြော၊ သီချင်းဆိုပြပါ။ တစ်ခါတလေ ကလေးလေးက မေမေ့ဗိုက်ကို ကန်ကန်ပြီး အချက်ပြတာကို စိတ်လှုပ်ရှားဖွယ်ရာ ခံစားရမှာပါနော်။

 

၂။     သီချင်းနားထောင်ပါ။

          တေးဂီတဆိုတာဟာ စကားသံတွေမပါဘဲနဲ့တောင် ခံစားမှုတွေကို မျှဝေနိုင်တဲ့အရာတစ်မျိုးဖြစ်တာမို့ မေမေအတွက်ရော၊ ဗိုက်ထဲကကလေးလေးအတွက်ပါ အင်မတန်အဓိပ္ပါယ်ရှိပါတယ်။

          တေးဂီတသီချင်းတွေကြောင့်ဘဲ ခံစားချက်အစစ်အမှန်တွေကို ပွင့်ပွင့်လင်းလင်း ခံစားနိုင်တာပါ။ ဒါကြောင့် ကလေးလေးအတွက် ခံစားမှုတွေကို စပြီးမိတ်ဆက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲဆိုလည်း မမှားပါဘူးနော်။

          တေးဂီတထဲက အသံကြိမ်နှုန်းတချို့ဟာ ဗိုက်အလွှာတွေကို ဖြတ်ပြီးတော့ ကလေးဆီကို ရောက်ရှိနိုင်ပါတယ်။ သီချင်းသံတွေကနေတစ်ဆင့် ကလေးဟာ လုံခြုံမှု၊ နွေးထွေးမှု၊ ယုံကြည်စိတ်ချမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိတတ်ကြပါတယ်တဲ့။

          ကဲ ... ဒါတင်ပဲလားဆို မကသေးပါဘူး။

          သီချင်းဂီတဟာ အာရုံကြောဆဲလ်လေးတွေကြား၊ ဂလင်းတွေကြား၊ ဆဲလ်ကလဒ်စည်းတွေကြား၊ ကြွက်သားမျှင်တွေကြား ဆက်သွယ်မှုကို ပိုအားကောင်းစေနိုင်ပါတယ်။

          ဒီလိုနည်းအားဖြင့် ဒီအချိန်ကာလအတွင်းမှာ ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုတွေအားလုံးကို ဆဲလ်နဲ့ ဟော်မုန်းထိန်းချုပ် ပစ်ကျူထရီဂလင်းတွေထဲမှာ မှတ်သားထားပါလိမ့်မယ်။ နောက်ပိုင်းမှာ သီချင်းဂီတသံကြားတိုင်း အနားမှာ အမေရှိနေသလို နွေးထွေးတဲ့ခံစားချက်ကို ခံစားရပါလိမ့်မယ်တဲ့။

၃။     ဆော့ကစားပေးပါ။

          ဟင် ... ဗိုက်ထဲကကလေးနဲ့ ဘယ်လိုဆော့ရမှာလဲလို့ ဇဝေဇဝါဖြစ်သွားမှာပေါ့။ ဒါပေမဲ့ လှုံ့ဆော်နည်းတွေ အများကြီးနဲ့ ဆော့ကစားနိုင်ပါတယ်တဲ့နော်။

          တစ်နည်းကတော့ ကလေးရဲ့အမြင်အာရုံတွေကို လှုံ့ဆော်ဖို့ ဗိုက်မှာ ဓာတ်မီးနဲ့ ထိုးကစားပေးတာပါပဲ။ ဗိုက်ထဲက ကလေးလေးဟာ အလင်းလာတဲ့အခါ မျက်စိမှိတ်ပြီး လှုပ်ရှားမှုတွေ၊ အပြုအမူ အပြောင်းအလဲတွေနဲ့ တုံ့ပြန်ပါလိမ့်မယ်။

          ဒီလိုဆော့ကစားပေးခြင်းဖြင့် ကလေးနဲ့ ကစားပေးရာရောက်တဲ့အပြင် ကလေးဖွံ့ဖြိုးမှုမှာပါ အကျိုးရှိစေပါတယ်။

 

၄။     ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ချိုချိုလေးတွေ စားပေးပါ။

          ၄ လ နောက်ပိုင်းရောက်လာတဲ့အခါ ကလေးလေးဟာ အချို၊ အချဉ်၊ အခါး၊ အငန်တွေကို လက်ခံနိုင်လာပါပြီ။ အမေ စားလိုက်တဲ့အရသာတွေဟာ  ရေမြွာရည်ကနေတစ်ဆင့် ကလေးဆီကို ရောက်နိုင်ပါသတဲ့။

          ကလေးတွေဟာ ရေမြွာရည် အတော်များများ မျိုချတတ်ကြပါတယ်။ ဒါကြောင့်လည်း အရသာ အတော်များများကို သနေ္ဓသားဘဝမှာကတည်းက တီးမိခေါက်မိ ရှိနေတာပေါ့။

          လေ့လာမှုတွေအရဆိုရင် မမွေးသေးခင်ကတည်းက အချိုအရသာကို ကြိုက်တတ်ကြပါတယ်တဲ့။ ဒီလေ့လာမှုမှာပဲ ရေမြွာရည်ထဲ အချိုအရသာ ထည့်လိုက်တဲ့အခါ ကလေးဟာ ရေမြွာရည်ကို ပိုသောက်ပြီးတော့ အခါးအရသာ ထည့်လိုက်ရင်တော့ သောက်တဲ့ပမာဏ နည်းသွားပါတယ်တဲ့။

          ဒါကြောင့် ဗိုက်ဗိုက်ထဲက ကလေးပျော်အောင် နေ့တိုင်း အသီးအရွက်လိုမျိုး သဘာဝအချိုဓာတ်တွေကို အသင့်အတင့်လောက် စားပေးသင့်ပါတယ်။

          ဒါပေမဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ သဘာဝမဟုတ်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အချိုကို စားမယ်ဆိုရင်တော့ အမေအတွက်ရော ကလေးအတွက်ပါ မကောင်းပါဘူးနော်။

          အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေဟာ အချိန်လည်း အများကြီးပေးစရာမလို၊ သိပ်လည်း အားထုတ်နေစရာမလိုဘဲ ဗိုက်ဗိုက်ထဲက ကလေးကို ပျော်စေမှာ အမှန်ပါပဲနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)







Dr. Mya Phoo Ngon (www.drmyanmar.com)