ကိုယ်၀န်ဆောင်ချိန် ယာဉ်အန္တရာယ်ကင်းဖို့
အနက်ရောင်လမ်းမတွေပေါ်မှာ ယာဉ်အန္တရာယ်ဖြစ်ပြီဆိုရင် လူတွေ ထိခိုက်၊ လမ်း မကောင်းလို့၊ ယာဉ် ညံ့လို့၊ ယာဉ်မောင်း အိပ်ငိုက်လို့ စတဲ့ အကြောင်းအရာတွေအပြင် လူတွေ ယာဉ်စည်းကမ်း မလိုက်နာတဲ့ အချက်ကလည်း အဓိကအနေနဲ့ ပါ၀င်နေပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ လူတော်တော်များများက အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ဖို့ မေ့လျော့လေ့ရှိကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ စတင် တပ်ဆင်ခဲ့တဲ့ အသက်ကယ်ခါးပတ်တွေ " အသက်ကယ် " ဆိုတဲ့ စကားအတိုင်း ရုတ်တရက် ယာဉ်တိုက်မှုဖြစ်တဲ့အခါမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရအောင်နဲ့ အသက်သေဆုံးတာတွေ မဖြစ်အောင် အသက်အန္တရာယ်ကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
အထူးသဖြင့် တစ်ခုခုဆို အထိခိုက်ခံဖို့ မဖြစ်တဲ့ ကိုယ်၀န်ဆောင်တွေအနေနဲ့က ကားစီးမယ်ဆို ထိုင်ခုံခါးပတ် ပတ်ဖို့ မမေ့စေချင်ပါဘူး။ ခါးပတ် မပတ်ထားဘူးဆိုရင် လွင့်ထွက်သွားပြီး အပြင်းအထန် ဒဏ်ရာရနိုင်ပါတယ်။
>> ထိခိုက်မှု အပြင်းအထန်ပေါ် မူတည်ပြီး ပြင်းထန်တဲ့ ကိုယ်၀န်ဆောင်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
● လမစေ့ဘဲ ကလေးမွေးခြင်း
● ကလေးမွေးချိန်မတိုင်မီ ရေမြွှာပေါက်ခြင်း
● အချင်းကွာကျခြင်း
>> ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မွေးဖွားချိန်မတိုင်မီ အချင်းကွာကျခြင်းကြောင့် -
● ကိုယ်၀န်ပျက်ကျခြင်း
● ကလေး အသေမွေးခြင်း
အသက်ကယ် ခါးပတ်ကို မှန်ကန်စွာ ပတ်ထားခြင်းက မိခင်ရော ကလေးပါ အန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်။ ကားစီးတိုင်း၊ ကားမောင်းတိုင်း အသက်ကယ်ခါးပတ် ပတ်ဖို့ ပြင်ဆင်ပါ။
>> မှန်ကန်တဲ့ အသက်ကယ်ခါးပတ် ပတ်နည်းက ဘာလဲ?
အသက်ကယ် ထိုင်ခုံခါးပတ်ရဲ့ ကာကွယ်ပေးမှုကို အပြည့်အ၀ ရရှိဖို့အတွက် ပတ်ပုံပတ်နည်း မှန်ကန်ဖို့ လိုအပ်ပါသေးတယ်။ သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ ခါးပတ် ပတ်ရမှာ ဖြစ်ပါတယ်။
ပခုံးသိုင်းကြိုးရော၊ ခါးကို ပတ်ပေးထားတဲ့ကြိုးရော နှစ်မျိုးလုံးကို ပတ်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းကို သိုင်းပေးထားတဲ့ ပခုံးသိုင်းကြိုးဟာ ရင်ဘတ်နှင့် ပခုံးကြားမှာ တင်းတင်းကြပ်ကြပ် အံ၀င်ခွင်ကျ ရှိနေရမှာဖြစ်ပြီး ချိုင်းအောက်ကနေ လျှိုပတ်ထားခြင်းမျိုးကို ရှောင်ရှားပါ။
ခါးပတ်ကြိုးဟာ ပေါင်နှစ်ဖက်နှင့် နီးကပ်တဲ့နေရာမှာ ရှိမနေဘဲ ၀မ်းဗိုက်ပေါ်မှာ ရှိနေမယ်ဆိုရင်တော့ မှားယွင်းတဲ့ ခါးပတ် ပတ်နည်း ဖြစ်နေပါပြီ။
ကိုယ်၀န်ဆောင်ချိန်မျာ မဖြစ်မနေ ကားမောင်းရမယ်ဆိုရင်တောင် တစ်နေ့မှာ ၆ နာရီထက် ပိုပြီး မမောင်းသင့်ပါဘူး။
လေအိတ်ပါတဲ့ကား ဆိုရင်တောင် ပြင်းထန်တဲ့ တိုက်မိခြင်းမှသာ လေအိတ် အလုပ်လုပ်မည်ဖြစ်တာကြောင့် ယာဉ်အန္တရာယ် ကင်းေ၀းစေဖို့အတွက် ကားမောင်းတဲ့အခါ၊ လိုက်ပါစီးနင်းသည့် အခါတိုင်း ထိုင်ခုံခါးပတ် ပတ်ထားရန် လိုအပ်တာ ဖြစ်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























