အာရှတစ်ဝှမ်းကို ခြိမ်းခြောက်နေသော တရုတ်နိုင်ငံမှ ပြင်းထန်အဆုတ်ရောင်ရောဂါ
အမျိုးအမည်မသိရသေးသော ဗိုင်းရပ်စ်ပိုးကြောင့် နာမကျန်းဖြစ်သူ ၄၄ ဦးထိရှိကြောင်း တရုတ်အစိုးရက ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း အာရှနိုင်ငံအချို့တွင် ကြိုတင်ကာကွယ်မှုများ အရေးပေါ် လုပ်ဆောင်လာကြပါတယ်။
ယခုဖြစ်ပွားလျက်ရှိသော ဗိုင်းရပ်စ်ပိုးဝင်ခြင်းဟာ လွန်ခဲ့တဲ့ ၁၇ နှစ်ကဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သော SARS virus နဲ့ ဆက်စပ်မှုရှိနေကြောင်းလည်း သံသယဖြစ်ဖွယ်ရာ ရှိနေပါတယ်။
တရုတ်အစိုးရရဲ့ ဇန်နဝါရီ ၃ ရက်နေ့တွင် ကြေညာချက်အရ အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်သောလက္ခဏာ၊ ဖျားခြင်းနဲ့အတူ အသက်ရှူရခက်ခဲသောလက္ခဏာများ ခံစားနေရပြီး စိုးရိမ်ရသော အတွင်းလူနာ ၁၁ ဦးထိ ရှိတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ အာဏာပိုင်တွေအနေနဲ့ ဖြစ်ပွားရသော ဗိုင်းရပ်စ်ပိုးကို အမျိုးအမည် ခွဲခြားလျက်ရှိပြီး Influenza virus၊ Avian virus ၊ Adeno virus နဲ့ အခြားသော အဆုတ်ပိုးဝင်ခြင်း ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တွေ မဟုတ်ကြောင်း တွေ့ရှိရသော်လည်း SARS ရောဂါကိုဖြစ်စေတဲ့ Corona virus ဟုတ်မဟုတ်ကိုတော့ ဖော်ပြခြင်းမရှိသေးပါဘူး။
>> ရောဂါလက္ခဏာများအနေနဲ့ -
● ဖျားခြင်း
● ခေါင်းကိုက်ခြင်း
● အသက်ရှူမဝခြင်း
● အသက်ရှူမြန်ခြင်း
● ချောင်းခြောက်ဆိုးခြင်း
● ချမ်းတုန်ခြင်း
● အသက်ရှူစဉ်နဲ့ ချောင်းဆိုးစဉ် ရင်ဘတ်အောင့်ခြင်း
● နုံးခြင်း
● အစာစားချင်စိတ်မရှိခြင်း
● မအီမသာဖြစ်ခြင်းတို့ကို တွေ့ကြုံရပါတယ်။
>> ကာကွယ်ဖို့နည်းလမ်းတွေအနေနဲ့ -
● လတ်ဆတ်သော ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို နေ့စဉ်စားပါ။
● လှုပ်ရှားတက်ကြွစွာနေပါ။
● အိပ်ရေးဝပါစေ။
● နှစ်စဉ် တုပ်ကွေးရာသီရောက်တိုင်း ကာကွယ်ဆေးထိုးပါ။
● အပြင်က ပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ။
● ချောင်းဆိုး၊ နှာစေးဖြစ်နေသူများနဲ့ ဝေးဝေးနေပါ။
● လက်မဆေးရသေးဘဲ နှာခေါင်း၊ မျက်စိ၊ နားရွက်၊ ပါးစပ်များကို ကိုင်တွယ်ခြင်းရှောင်ပါ။
ပြင်းထန်အဆုတ်ရောင်ရောဂါဟာ အလွန်ကူးစက်လွယ်သောရောဂါတစ်မျိုး ဖြစ်ပေမယ့် အထက်ပါအချက်များအတိုင်း တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ပြီး ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်စားသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























