/
node/9600

နေရာမှားပြီး ကိုယ်ဝန်တည်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

နေရာမှားပြီး ကိုယ်ဝန်တည်ခြင်းဆိုတာ သန္ဓေအောင်ပြီးသားမျိုးဥလေးဟာ သားအိမ်မှာ နေရာတည်ရမယ့်အစား ပြင်ပနေရာများတွင် နေရာတည်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။
ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ပေါက်ထွက်နိုင်ပြီး ကိုယ်တွင်းသွေးယိုစိမ့်မှု ဖြစ်ပေါ်ရာကနေ အသက်ပါ သေဆုံးနိုင်တဲ့အတွက် သတိထားသင့်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

>>  လက္ခဏာများ
ကိုယ်ဝန်အစောပိုင်းကာလမှာတော့ အောက်ပါအတိုင်း သာမန်ကိုယ်ဝန်ရှိကြောင်းပြသော လက္ခဏာများကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။
●  ရာသီထိန်ခြင်း
●  ရင်သားများ နာကျင်ခြင်း
●  ပျို့ခြင်း
●  အန်ခြင်း
●  နုံးခြင်း
●  မကြာခဏ ဆီးသွားခြင်း
●  ဆီးစစ်ဆေးရာတွင် ကိုယ်ဝန်ရှိနေကြောင်း ပေါ်ခြင်း

>>  နေရာမှားပြီး ကိုယ်ဝန်တည်နေသောအမျိုးသမီးတွေမှာတော့ -
●  ပုံမှန်မဟုတ်သော သွေးဆင်းခြင်း
●  ခါးအောက်ပိုင်းနာခြင်း
●  ဗိုက်နဲ့ တင်ပါးဆုံကွင်းတွင်း  အနည်းငယ် နာကျင်ခြင်း
●  တင်ပါးဆုံကွင်းအတွင်း နေရာတစ်ခြမ်းတည်းက အနည်းငယ်နာကျင်ခြင်းတို့ ဖြစ်ပေါ်တတ်တာမို့ ဒီလိုဖြစ်ပေါ်ပါက ချက်ချင်း ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မဟုတ်ပါက အချိန်ကြာတာနဲ့အမျှ ပေါက်ထွက်သွားနိုင်ပြီး အသက်ကိုပါ ထိခိုက်နိုင်ပါတယ်။
>>  ဒီလိုပေါက်ထွက်တော့မယ်ဆိုတာ သိနိုင်တဲ့လက္ခဏာတွေကတော့ -
●  ဗိုက်နဲ့တင်ပါးဆုံးကွင်းအတွင်း ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း
●  ပခုံးနာခြင်း
●  အားနည်းခြင်း၊ ဖျော့တော့ခြင်း၊ မူးဝေခြင်း၊ ရုတ်တရက် သတိလစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

>>  နေရာမှားပြီး ကိုယ်ဝန်တည်ခြင်း ဘာကြောင့် ဖြစ်ပေါ်ရသလဲ?
တင်ပါးဆုံကွင်းအတွင်း ပိုးဝင်ခြင်း (PID) ဖြစ်ပေါ်ရာကနေ သားဥပြွန်များပိတ်ဆို့ခြင်းကြောင့် သန္ဓေအောင်ပြီးသား မမျိုးဥလေးဟာ သားအိမ်ဆီသို့ မရောက်ရှိနိုင်ဘဲ အခြားနေရာများတွင် သန္ဓေတည်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။နောက်တစ်ချက်ကတော့ သားအိမ်နံရံရှိ ဆဲလ်တွေဟာ သားအိမ်တွင်းမှာမရှိဘဲ သားအိမ်ပြင်ပတွင်ရှိနေသော endometriosisရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

>>  ဘယ်လိုလူတွေမှာ ဖြစ်နိုင်ချေများလဲ?
●  အသက် ၃၅ နှစ်အထက် အမျိုးသမီးများ
●  တင်ပါးဆုံကွင်းအတွင်း ပိုးဝင်ခြင်းဖြစ်ဖူးသူများ
●  သားအိမ်တစ်သျှူးနေရာ လွဲမှားရောဂါရှိခြင်း
●  ဆေးလိပ်သောက်ခြင်း
●  သားဥပြွန်ရောင်ခြင်း
●  ကိုယ်ဝန်မရသောကြောင့် မျိုးအောင်စေရန် ကုသမှုခံယူထားသူများ
●  ယခင်က နေရာမှား ကိုယ်ဝန်တည်ဖူးသူများ

>>  ဘယ်လို ကာကွယ်မလဲ?
နေရာမှားကိုယ်ဝန်တည်ခြင်းကို ကာကွယ်မရသော်လည်း ဖြစ်စေသော အကြောင်းရင်းတွေကိုတော့ လျှော့ချနိုင်ပါတယ်။ ဥပမာ - ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ခြင်း၊ တင်ပါးဆုံကွင်းအတွင်း ပိုးဝင်ခြင်း မဖြစ်စေဖို့ လိင်ဆက်ဆံရာတွင် ကွန်ဒုံးသုံးခြင်းစသည်တို့ ပြုလုပ်နိုင်ပြီး သင့်အနေနဲ့ ဖြစ်နိုင်ချေများသူဆိုပါက ကလေးမယူခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

>>  ကုသနည်း
နေရာမှား ကိုယ်ဝန်တည်ပါက သန္ဓေအောင်ပြီးသားမျိုးဥလေးဟာ ဆက်လက်မကြီးထွားနိုင်တော့ပါဘူး။ ဒါကြောင့်ဒီမျိုးဥလေးကို ခွဲစိတ်ခြင်းသို့မဟုတ်ဆေးဝါးများဖြင့် ဖယ်ထုတ်ဖို့ လိုပါတယ်။
နေရာမှား ကိုယ်ဝန်တည်ခြင်းကို စောစီးစွာ သိရှိပါက ဆရာဝန်အနေနဲ့ ကိုယ်ဝန်ကိုရပ်တန့်မယ့် ဆေးကုသနည်းကို အသုံးပြုမှာဖြစ်ပါတယ်။
လိုအပ်ပါက ခွဲစိတ်မှုများလည်း ပြုလုပ်ရမှာဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)