/
node/9777

ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●  အစေ့အဆံတွေ
အစေ့အဆံတွေမှာ အောက်စဲလိပ် လို့ခေါ်တဲ့ ကျောက်ကပ်မှာ ကျောက်တည်စေတတ်တဲ့ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ သင်ဟာ ကျောက်ကပ် ကျောက်တည်ဖူးတဲ့လူဆိုရင်တော့ လုံးဝမစားသင့်ပါဘူး။ ကျန်းမာတဲ့လူဆိုရင်တောင် ဒီလိုအောက်စဲလိပ်ပါတဲ့အစားအစာတွေ - အစေ့အဆံတွေ၊ ဟင်းနုနွယ်၊ အာလူး၊ မုန်လာဥလို အစားအစာတွေကို သတိထားစားရပါမယ်။ ဒါပေမဲ့ ညီညွတ်မျှတအောင် စားတတ်ရင် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

●  ထောပတ်သီး
ကျောက်ကပ်ဟာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် လို့ခေါ်တဲ့ ဆားဓာတ်ပေါ်မှာ မူတည်ပြီး အလုပ်လုပ်ရတာကြောင့် ဒီဓာတ်တွေ များသွားတာ၊ နည်းသွားတာမျိုးဖြစ်ခဲ့ရင် ကျောက်ကပ်က ပုံမှန်အလုပ်မလုပ်တော့ပါဘူး။ ထောပတ်သီးမှာ ပိုတက်စီယမ်ဓာတ်တွေ အများကြီး ပါဝင်တာကြောင့် နဂိုကျောက်ကပ်ရောဂါ အခံရှိတဲ့လူတွေအဖို့ မစားသင့်ပါဘူး။

●  ကဖင်းဓာတ်
ကဖင်းကို ကြာရှည်သောက်သုံးတာဟာ ကျောက်ကပ်ကျောက်တည်ဖို့ အလားအလာများစေပြီး ရှိပြီးသား ကျောက်ကပ်ရောဂါကို ပိုဆိုးစေပါတယ်။ ဆီးများများ သွားစေတာကြောင့်လည်း ကျောက်ကပ်ကနေ ရေကို ပြန်လည်စုပ်ယူတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

●  နို့နဲ့နို့ထွက်ပစ္စည်း
နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လစီယမ်ဓာတ်တွေပါလို့ ကျောက်ကပ်မှာ ကျောက်တည်ဖို့ အားပေးပါတယ်။ ကျောက်ကပ်ပျက်နေတဲ့လူနာတွေမှာ နို့နဲ့နို့ထွက်ပစ္စည်းတွေကို လျှော့ပြီးစားခိုင်းတာက ကျောက်ကပ်ရဲ့ စွန့်ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေပြီး ကျောက်ကပ်ဆေးရမယ့်အချိန်ကို ခြားသွားစေပါတယ်။ ထောပတ်မှာ အဆီပါဝင်မှုများတာကြောင့် နှလုံးရောဂါကို ပိုဖြစ်စေပါတယ်။

●  ဆား
ဆားက ဆိုဒီယမ် ကြွယ်ဝပြီးသူကလည်း ကျောက်ကပ်ရဲ့ အရေးကြီးဆုံးလုပ်ငန်းဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို မျှတအောင် ထိန်းသိမ်းပေးတဲ့နေရာမှာ အဓိကပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဆိုဒီယမ်ဓာတ်တွေ များလာရင် ကျောက်ကပ်က ရေကို မစွန့်ထုတ်ဘဲ သိမ်းလိုက်တာကြောင့် ကျောက်ကပ်ကို ဝန်ပိစေပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါကိုလည်းဖြစ်စေလို့ ကြာလာရင် ကျောက်ကပ်ဆဲလ်တွေကို ပျက်စေတတ်ပါတယ်။

●  အသား
အသားမှာ ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ကျန်းမာဖို့လိုအပ်တဲ့ အသားဓာတ်တွေ အများကြီးပါပေမယ့် သူ့ကို ချေဖျက်ရတာက ကျောက်ကပ်အတွက် ခက်ခဲတဲ့အလုပ်ပါ။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိတဲ့လူတွေအနေနဲ့ အသားဓာတ် အများကြီးပါတဲ့အသားတွေ မစားသင့်ပါဘူး။ အထူးသဖြင့် အသည်းလိုစားစရာမျိုးမှာ ပျူရင်းလို့ခေါ်တဲ့ အသားဓာတ်တွေ အများကြီးပါဝင်ပြီး အဲ့အရာကနေတစ်ဆင့် ကျောက်ကပ်က စွန့်ထုတ်ရတဲ့ ယူရစ်အက်စစ် (uric acid) ထွက်တာကြောင့် များလာရင် ကျောက်တည်စေပါတယ်။

●  ပြုပြင်ထားတဲ့အချိုဓာတ်
ဒါတွေနဲ့ ရိုးရိုးသကြားနဲ့ ဘာက ပိုပြီးခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်လဲဆိုတာ လေ့လာနေကြတုန်းပေမယ့် သေချာသိတာတစ်ခုက သကြား မပါတဲ့ ဆိုဒါ တစ်နေ့ ၂ ဘူးလောက် သောက်နေရင် ကျောက်ကပ်ရဲ့ လုပ်ဆောင်ရည်က ကျဆင်းသွားတယ်ဆိုတာပါပဲ။

Dr. Htar (www.drmyanmar.com)