ဟင်းသီးဟင်းရွက် လုံးဝမစားရင် ဘာတွေဖြစ်နိုင်သလဲ
ကျွန်မတို့ အသက်ရှည်ကျန်းမာဖို့ နေ့စဉ် ဗီတာမင်နှင့် သတ္တုဓာတ်တွေကို လိုအပ်လှပါတယ်။ ဗီတာမင်တွေကို အလွယ်ကူဆုံး ရနိုင်တဲ့နည်းလမ်းကတော့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေကို နေ့စဉ်စားပေးဖို့ပါပဲ။ တစ်နေ့ကို ဟင်းသီးဟင်းရွက် တစ်ခါစားအရွယ် သုံးဆ မှ ငါးဆခန့်အထိ စားပေးခြင်းဖြင့် ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် လုံးဝမစားဘဲနေရင်တော့ အောက်ပါဆိုးကျိုးတွေကို ဖြစ်စေပါလိမ့်မယ်။
(၁) အစာချေစနစ်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်ခြင်း
ဟင်းသီးဟင်းရွက် မစားသူများအနေနှင့် ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းနှင့် အူရောင်ခြင်းတို့ ဖြစ်ပေါ်ဖို့ အခွင့်အလမ်း ပိုများလှပါတယ်။ နေ့စဉ်ကျန်းမာစေဖို့အတွက် အမျှင်ဓာတ်က မရှိမဖြစ် လိုအပ်တဲ့အတွက် နေ့စဉ်ထမင်းစားတဲ့အခါနှင့် အခါအားလျော်စွာ သရေစာစားချိန်တိုင်းမှာ ဟင်းသီးဟင်းရွက်များ ပါဝင်အောင် စားပေးသင့်ပါတယ်။
(၂) ကင်ဆာဖြစ်နှုန်း မြင့်မားစေခြင်း
အမေရိကန်နိုင်ငံရှိ ကင်ဆာသုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စားခြင်းဟာ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဓာတ်တိုးဆန့်ကျင်သောအစွမ်းရှိတဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်အီး၊ ဗီတာမင်စီနှင့် ဗီတာမင်အေတွေဟာ ကျန်းမာတဲ့ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေ တိုက်ခိုက်ခြင်းကနေ ကာကွယ်ပေးပြီး ကင်ဆာဖြစ်နှုန်းကို လျှော့ချပေးပါတယ်။
ကညွတ်၊ အစိမ်းရောင်အရွက်များ၊ လိမ္မော်သီးနှင့် ကန်စွန်းဥ၊ မုန်လာဥတို့မှာပါသော ဗီတာမင်အေဓာတ်ဟာ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။
(၃) ကိုယ်အလေးချိန် တိုးလာခြင်း
သစ်သီးနှင့် ဟင်းသီးဟင်းရွက် မစားသူတွေအနေနှင့် အဆီများတဲ့ သရေစာတွေကို ပိုမိုစားမိတတ်ပြီး ကိုယ်အလေးချိန် တိုးလာတတ်ကြပါတယ်။ အမေရိကန်နိုင်ငံမှ ပညာရှင်များရဲ့ လေ့လာချက်အရ အဝလွန်သူများဟာ သာမန်ကိုယ်အလေးချိန်ရှိသူများထက်စာရင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးစားတာ ပိုနည်းကြတယ်လို့ သိရပါတယ်။
(၄) ဆီးချိုဖြစ်နှုန်း မြင့်မားခြင်း
သစ်သီးနှင့် ဟင်းရွက် အစားနည်းသူတွေဟာ အချိုနှင့်အဆီများသော သရေစာတွေကို ပိုမိုစားမိကြတဲ့အတွက် ကိုယ်အလေးချိန် တိုးလာကြပါတယ်။ ကိုယ်အလေးချိန်တိုးခြင်းဟာ ဆီးချိုရောဂါဖြစ်နှုန်းနှင့် ဆက်စပ်နေပါတယ်။ ဆီးချိုရောဂါ ခံစားနေရသူတွေအနေနှင့်လည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေကို လုံးဝမစားပါက ဆီးချိုရောဂါကို ပိုဆိုးစေပါတယ်။
(၅) သွေးတိုးဖြစ်နှုန်း မြင့်မားခြင်း
အငန်တွေ အစားများပြီး ဟင်းသီးဟင်းရွက်များ အစားနည်းခြင်းဟာ သွေးပေါင်ကို ပိုမိုမြင့်တက်စေပါတယ်။ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်ပါသော အစားအစာတွေကို စားခြင်းဖြင့် သွေးပေါင်တက်ခြင်းကို သက်သာစေပါတယ်။
(၆) နှလုံးရောဂါဖြစ်နှုန်း မြင့်မားခြင်း
ဟင်းသီးဟင်းရွက်တွေစားခြင်းဟာ သွေးပေါင်တက်ခြင်းကို သက်သာစေတဲ့အတွက် နှလုံးရောဂါဖြစ်ခြင်းနှင့် လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ဟင်းသီးဟင်းရွက်နှင့် သစ်သီး တစ်ခါစားအရွယ် ရှစ်ဆခန့်နှင့်အထက် စားသူတွေဟာ ၁ ခါစားသာခန့် စားသူတွေထက်စာရင် နှလုံးရောဂါနှင့် လေဖြတ်နှုန်း ၃၀ ရာနှုန်းလောက် နည်းပါးတာ တွေ့ရပါတယ်။
ဒီလိုမဟုတ်ဘဲ အချိုနှင့်အဆီတွေ ပိုမိုစားမယ်ဆိုရင်တော့ ရောဂါဖြစ်နှုန်း ပိုမြင့်မားမှာ ဖြစ်ပါတယ်။
(၇) စိတ်ကျရောဂါ ခံစားရဖို့ အလားအလာများခြင်း
နေ့စဉ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးတွေ အစားများခြင်းဟာ စိတ်ကျရောဂါကို ပိုမိုသက်သာစေပါတယ်။ ဗီတာမင်ဘီစစ်နှင့် ဘီဖိုက်ချို့တဲ့ခြင်းဟာ စိတ်ကျရောဂါကို ပိုဖြစ်စေပါတယ်။
သင့်အနေနှင့် ဟင်းသီးဟင်းရွက်တွေ စားရတာ မနှစ်သက်ရင်တောင်မှ ဖျော်ရည်လုပ်သောက်ခြင်း၊ ဟင်းချိုလုပ်သောက်ခြင်း၊ အသုပ် သုပ်စားခြင်း၊ ဆော့စ်လုပ်စားခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဗီတာမင်အားဆေးတွေ စားနိုင်ပေမယ့်လည်း ဟင်းသီးဟင်းရွက်တွေကို စားသုံးခြင်းက ပိုမိုအကျိုးကျေးဇူးများတဲ့အတွက် ဒီနေ့ကစပြီး အနည်းဆုံး တစ်ခါစားလောက် စတင်စားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























