/
node/9842

ဗီတာမင်ဘီတွဲ (B12) ချို့တဲ့ခြင်းလက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင် B12 ဆိုတာကတော့ ခန္ဓာကိုယ်အတွက် အလွန်ကိုအရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ သွေးနီဥထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ အဓိကနေရာမှာ ပါဝင်နေတဲ့ ဗီတာမင် ဖြစ်ပါတယ်။ ဒါ့အပြင် DNA ထုတ်လုပ်တဲ့နေရာ၊ အာရုံကြောဆဲလ်တွေ ထုတ်လုပ်တဲ့နေရာ စတဲ့ နေရာတွေမှာလည်း ပါဝင်တဲ့အတွက် ဒီဗီတာမင်ဓာတ်သာ ချို့တဲ့ခဲ့မယ်ဆိုရင်တော့ ခံစားရမယ့်ရောဂါလက္ခဏာတွေက ပြင်းထန်မှာဖြစ်ပါတယ်။
ဗီတာမင် B12 ကို အသား၊ ငါးနဲ့ တိရစ္ဆာန်တွေဆီကရတဲ့ စားသောက်ကုန်တွေဆီကပဲ ရရှိနိုင်ပါတယ်။ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းတွေမှာ အများဆုံး ပါဝင်ပါတယ်။ တချို့သောပေါင်မုန့်တွေ၊ ပဲနို့ စတဲ့ အစားအစာတွေမှာလည်း ဗီတာမင် B12 ပါဝင်ပါတယ်။ ဒါ့ကြောင့် သက်သတ်လွတ်စားတဲ့သူတွေ၊ အသက်အရွယ်ကြီးတဲ့သူတွေမှာ ဗီတာမင် B12 ချို့တဲ့ဖို့ ဖြစ်နိုင်ချေပိုများပါတယ်။ ဗီတာမင် B12 ချို့တဲ့ပြီဆိုရင်တော့ ကြုံတွေ့ရမယ့်လက္ခဏာတွေက အများကြီးပါပဲ။
ဗီတာမင်ချို့တဲ့မှု သိပ်မပြင်းထန်ရင်တော့ ရောဂါလက္ခဏာမပြဘဲ နေတဲ့သူတွေလည်းရှိသလို ဗီတာမင်ချို့တဲ့မှု ပြင်းထန်ခဲ့မယ်ဆိုရင်တော့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ စိတ်ကျခြင်း၊ သတိမေ့ခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း တို့အပြင် အစာအိမ် အူလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့လက္ခဏာတွေကိုလည်း ခံစားရနိုင်ပါတယ်။ သွေးနီဥထုတ်လုပ်ခြင်းကိုလည်း လျော့နည်းစေတဲ့အတွက် သွေးအားနည်းရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။
အာရုံကြောကို ထိခိုက်စေတဲ့အတွက် ဆီးမထိန်းနိုင်ခြင်းဟာလည်း ဗီတာမင် B12ချို့တဲ့တဲ့ လက္ခဏာတစ်ခုပါပဲ။ လေ့လာချက်တွေအရ ဆီးမထိန်းနိုင်ခြင်းဟာ တခြားအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်သလို ဗီတာမင် B12 ချို့တဲ့ခြင်းကြောင်းလည်း ဖြစ်နိုင်တာကို တွေ့ရှိရပါတယ်။
ဒါ့ကြောင့် သင့်မှာ ဗီတာမင် B12 ချို့တဲ့ခြင်းလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ စောစီးစွာ သွားရောက်ပြသပါ။ ဗီတာမင် B12 ချို့တဲ့ခြင်းကို အစားအစာတွေ၊ ဆေးတွေနဲ့ ကုသလို့ရသလို ပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ တချို့သောအခြေအနေတွေကိုတော့ ပြန်လည်ကောင်းမွန်အောင် ကုသလို့ မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ဗီတာမင်တွေ အာဟာရဓာတ်တွေကို ပြည့်ဝမျှတအောင် သတိပြုပြီး စားသောက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)