/
node/9863

ဂေါက်ရောဂါအကြောင်း သိကောင်းစရာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ညဘက် အပေါင်းအသင်းတွေနဲ့ ဘီယာလေးသောက်ပြီး ညစာစားပွဲက ပြန်လာမယ်။ နောက်နေ့မနက် အိပ်ရာနိုးတော့ ခြေမရောင်ကိုင်းပြီး နာကျင်နေမယ်။ ဒါဟာ ဂေါက်ရောဂါမှာ တွေ့ရများတဲ့ပုံစံမျိုး ဖြစ်ပါတယ်။
ဂေါက်ရောဂါလို့ လူအများသိထားကြတဲ့ ရောဂါဟာ အဆစ်အမြစ် ရောင်ရမ်းတဲ့ရောဂါတစ်မျိုးပါ။ ရောင်ရမ်းတဲ့ အဆစ်အမြစ်တွေ နီမယ်၊ ပူမယ်၊ ပြီးတော့ နာပါမယ်။ အဓိကကတော့ အစားအသောက်ကြောင့် ဖြစ်ပါတယ်။
ပျူရင်း (Purine) ဓာတ် ကြွယ်ဝတဲ့အစားအသောက်တွေဟာ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ် (uric acid) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ့ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ များလာတဲ့အခါ ကျောက်ကလေးတွေ ဖြစ်သွားပါတယ်။ ဒီအခါမှာ သူတို့ဟာ ခန္ဓာကိုယ်ထဲက တစ်သျှူးတွေ၊ အဆစ်အမြစ်တွေပေါ်မှာ သွားနေပြီး ဒုက္ခပေးပါတော့တယ်။
ပျူရင်း (Purine) ဓာတ်ဟာ အစားအသောက် တော်တော်များများမှာ ပါဝင်ပြီး အဓိက အသားတွေ၊ ကလီစာတွေ၊ ပြီးတော့ မှို၊ အာလူးစတာတွေမှာ ပိုပြီးပါဝင်ပါတယ်။
နောက်တစ်ခုကတော့ မျိုးရိုးဗီဇအရ ယူရစ်အက်စစ် (uric acid) ကို ပျော်ဝင်အောင် လုပ်ပေးတဲ့ဓာတ်ကို ခန္ဓာကိုယ်က လုံလုံလောက်လောက် မထုတ်ပေးနိုင်လို့လည်း ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များပါတယ်။
အရက် အလွန်အကျွံ သောက်သုံးခြင်းကလည်း ဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ အသက် ၃၀ ကျော်တွေမှာပါ ရောဂါစဖြစ်လာတာ တွေ့နေရပါပြီ။
အဝလွန်တာကလည်း ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
>>  လက္ခဏာတွေက -
●  အဆစ်အမြစ်တွေဟာ အပ်နဲ့ထိုးသလို ခံစားရမယ်။
●  များသောအားဖြင့် ခြေမမှာ ဖြစ်တတ်တယ်။ ရောင်ရမ်း နာကျင်နေတတ်တယ်။
●  ဆိုးဆိုးရွားရွားကို နာကျင်ပါတယ်။
●  နီရဲ၊ ပူနွေး နေတတ်ပြီး အထိမခံနိုင် ဖြစ်တတ်ပါတယ်။
●  မသိရင်တော့ ပိုးဝင်လို့ ရောင်နေတာနဲ့ တူတတ်ပါတယ်။
●  ဖျားတာ၊ ချမ်းတာနဲ့ တွဲပြီး လာတတ်ပါတယ်။
●  ရုတ်တရက် ထဖြစ်တတ်ပါတယ်။ တစ်ခါတလေ ညဘက်ကြီး ထဖြစ်တတ်ပါတယ်။

>>  အဓိက ဖြစ်စေတဲ့အရာတွေ -
●  အနီရောင်ရှိတဲ့ အသားတွေ
●  အရက် အလွန်အကျွံသောက်တာ
●  တချို့ဆေးတွေ

>>  သက်သာအောင် လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးတွေ
ပိုတက်စီယမ် (Potassium) ဟာ ယူရစ်အက်စစ် (uric acid) ကို ဖျော်ပေးနိုင်တဲ့အစွမ်း ရှိတာကြောင့် ပိုတက်စီယမ် (Potassium) ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ ထောပတ်သီး စတာတွေ စားပေးရပါမယ်။
ပန်းသီးနဲ့ တခြားချဉ်တဲ့အသီး၊ အသီးအရွက်တွေ များများစားပေးခြင်းကလည်း အထောက်အကူ ပြုပါတယ်။
အဓိက အရေးကြီးတာကတော့ ကိုယ့်မှာ ဒီရောဂါဖြစ်နေပြီလို့ သံသယရှိတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ဆေးတွေ သောက်ရပါမယ်။ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံတွေကိုလည်း ပြောင်းလဲပေးရပါမယ်။

Dr. Htar (www.drmyanmar.com)