/
node/9871

အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ ပွေးရောဂါအမျိုးမျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပွေးဟာ မှိုရောဂါတစ်မျိုး ဖြစ်ပါတယ်။ အလွန်ကူးစက်လွယ်ပြီး ဦးရေပြား၊ မျက်နှာ၊ ကိုယ်ခန္ဓာ၊ ခြေထောက်နဲ့ ခြေသည်း လက်သည်းစတဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးနီးပါးမှာ ဖြစ်ပေါ်တတ်ပါတယ်။ အကွင်းအဝိုင်းပုံစံ အနာမျိုးဖြစ်ပြီး အနားသတ်အရေပြားက အနည်းငယ် မြင့်တက်နေပါတယ်။

>>  လက္ခဏာများ
ပွေးကို ခန္ဓာကိုယ်ရဲ့နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။
●  ခန္ဓာကိုယ်နဲ့ ပေါင်ခြံပွေး - ကူးစက်ပြီး ၄ ရက်မှ ၁၀ ရက်အတွင်း အနီရောင် အကွင်းအဝိုင်းငယ်ပုံစံ စတင်ဖြစ်ပေါ်ပြီး တဖြည်းဖြည်း ကြီးလာကာ အနားသတ်က တဖြည်းဖြည်း ကြွလာပါတယ်။
●  ဦးရေပြားပွေး - ကူးစက်ပြီး ၁၀ ရက်မှ ၁၄ ရက်အတွင်း အဖုငယ်အဖြစ်မှ တဖြေးဖြေးကြီးလာကာ ခြောက်သွေ့ပြောင်ချောတဲ့ ဦးရေပြား ဖြစ်သွားပါတယ်။ တခါတရံ အဝါရောင် အနာဖေးများ ဖြစ်တတ်ပါတယ်။ ဆံပင်တွေက ကြွပ်ဆတ်လာပြီး ကျိုးလွယ်လာပါတယ်။ ကလေးတွေမှာ အဖြစ်အများဆုံးပါ။
●  လက်သည်းခြေသည်းပွေး -ခြေသည်းလက်သည်းများ ထူလာပြီး အရောင်ပြောင်းကာ ကြွပ်ဆတ်လာပါမယ်။
●  ခြေထောက်ပွေး - အများအားဖြင့် ခြေချောင်းကြားတွေမှာဖြစ်ပြီး အကွင်းအဝိုင်းပုံစံမဟုတ်ဘဲ အသားများ ခြောက်သွေ့ကွဲအက်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ အတော်လေး ယားယံတတ်ပါတယ်။

>>  ကုသရန်နည်းလမ်းများ
ခြေသည်းလက်သည်းပွေးနဲ့ ဦးရေပြားပွေးအတွက် သောက်ဆေး လိုအပ်ပါတယ်။ ကျန်တဲ့ပွေးအမျိုးအစားတွေကတော့ လိမ်းဆေးလိမ်းရုံနဲ့ သက်သာပါတယ်။ လုံးဝသက်သာပျောက်ကင်းဖို့ကတော့ အနာလုံးဝမရှိတော့တဲ့အချိန်ကနေ ရက်သတ္တပတ် တော်တော်ကြာအောင် (၆ လခန့်) ထိ လိမ်းဆေးကို ဆက်လိမ်းဖို့ လိုအပ်ပါတယ်။

>>  ကာကွယ်ရန်နည်းလမ်းများ
●  ပွေးဟာ ပွေးအနာရှိနေတဲ့ လူ၊ တိရစ္ဆာန်နဲ့ အရာဝတ္ထုပစ္စည်းများကနေ ကူးပါတယ်။
●  ကလေးများကို အဓိက ကူးစက်နိုင်တဲ့အရာတွေကတော့ ပွေးအနာရှိနေတဲ့သူ၊ ကစားကွင်းများ၊ ကာယခန်းမ၊ ရောဂါပိုးရှိနေတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ စိုထိုင်းတဲ့နေရာတွေနဲ့ ရေချိုးခန်းတို့ကနေပဲ ဖြစ်ပါတယ်။
●  ဒါကြောင့် အဲ့ဒီအရာတွေကို သတိထား သန့်ရှင်းဖို့ အရေးကြီးပါတယ်။ ချိုင်း၊ ပေါင်ခြံနဲ့ ခြေချောင်းကြားများကဲ့သို့သော စိုစွတ်တဲ့နေရာတွေကိုလည်း သန့်ရှင်းခြောက်သွေ့အောင် ထားပေးရပါမယ်။
●  အနာရှိတဲ့နေရာတွေကို ခြောက်သွေ့အောင်ထားပြီး ဖုံးအုပ်ထားပေးပါ။
●  အနာဖြစ်နေစဉ် အများသုံး ရေကူးကန်၊ ရေချိုးခန်းများကို ရှောင်ပါ။
●  လျှော်လို့ရတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများကို မကြာခဏ လျှော်ပါ။
●  ဖိနပ်များ၊ ခြေထောက်များကို ပွေးအတွက် ထုတ်ထားတဲ့ ဖြန်းဆေးများ ဖြန်းခြင်းက ပွေးပြန်မဖြစ်ဖို့ အထောက်အကူပြုပါတယ်။

ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)