လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်
အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ လူတိုင်း နေချင်ကြပါတယ်။ လတ်တလော တွေ့ရှိထားတာကတော့ လက်ဖက်ရည်ကြမ်းကို သောက်သုံးခြင်းက အသက်ရှည်စေတယ်လို့ ဆိုပါတယ်။
အသက်ရှည် ကျန်းမာဖို့ အဓိကကျတာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ပါပဲ။ အသီးအရွက်၊ အသားငါး၊ အသီးအနှံတွေကို မျှမျှတတစားပေးပြီး လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းကလည်း အသက်ရှည် ကျန်းမာစေပါတယ်။
ရှာဖွေတွေ့ရှိချက်တွေအရ လက်ဖက်စိမ်းက ခန္ဓာကိုယ်ရဲ့ ကိုလက်စရောနဲ့ ကိုယ်အလေးချိန်ကို ကျစေပါတယ်တဲ့။ ဒါ့အပြင် လက်ဖက်စိမ်းကို သောက်သုံးပေးခြင်းက နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ကျစေတယ်လို့လည်း တွေ့ရပါတယ်။
တရုတ်ပြည်က လူပေါင်း ၁ သိန်းကျော်ကို လေ့လာချက်တွေ ပြုလုပ်တာမှာ သူတို့တွေမှာ နှလုံးရောဂါ ထဖောက်တာမျိုး၊ လေဖြတ်တာမျိုး ဖြစ်ပွားနှုန်းက အရမ်းနည်းပါတယ်။ သူတို့တွေက လက်ဖက်စိမ်းကို တစ်ပတ်မှာ သုံးကြိမ်လောက် သောက်သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ လက်ဖက်စိမ်း သောက်သုံးတဲ့လူတွေဟာ မသောက်တဲ့လူတွေနဲ့စာရင် အသက်ပိုရှည်ကြတာကိုလည်း တွေ့ရပါတယ်။
လက်ဖက်စိမ်းမှာ ကယ်လိုရီ လုံးဝမပါဝင်သလို ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း စွန့်ပစ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စားသောက်ပုံထဲမှာ လက်ဖက်စိမ်းရေနွေးကြမ်းကို ထည့်သွင်းသင့်ပါတယ်။
လက်ဖက်စိမ်းကို တစ်နေ့ ၃ ခွက်သောက်တဲ့ အမျိုးသမီးတွေမှာ ၈ ပတ်အတွင်း ခန္ဓာကိုယ်အလေးချိန် လျော့ကျလာတာ၊ သွေးပေါင်ချိန်မှန်လာတာ၊ ခန္ဓာကိုယ် သကြားဓာတ် ပုံမှန်ဖြစ်လာတာ စတဲ့ အကျိုးကျေးဇူးတွေ တွေ့ရပါတယ်။
Okayama University မှာ အသက် ၆၅ နှစ်ကနေ ၈၄ နှစ်အတွင်း လူပေါင်း ၁၄၀၀၁ ယောက်ကို ကျန်းမာရေး မေးခွန်းတွေ ဖြေခိုင်းပြီး လက်ဖက်စိမ်း သောက်သုံးမှုကိုပါ ထည့်ပြီး မေးမြန်းခဲ့ပါတယ်။ ၆ လလောက်ထိ မှန်မှန် ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်။ ဒီအခါမှာ တစ်နေ့ကို လက်ဖက်စိမ်း ၇ ခွက်လောက် သောက်တဲ့လူတွေဟာ နည်းနည်းပဲ သောက်တဲ့လူ၊ လုံးဝမသောက်တဲ့ လူတွေထက် အသက်ပိုရှည် ကျန်းမာရေး ပိုကောင်းတာကို တွေ့ရပါတယ်။
ဒီအကျိုးကျေးဇူးဟာ လက်ဖက်စိမ်းကို ပုံမှန်ကြာကြာစွဲသောက်တဲ့ လူတွေမှာ သိသာတယ်လို့ ဆိုပါတယ်။ လက်ဖက်စိမ်းမှာ ပါတဲ့ polyphenols ဆိုတဲ့ ဓာတ်တစ်မျိုးဟာ နှလုံးကို ကာကွယ်ပေးပါတယ်။
လက်ဖက်စိမ်းဟာ အသက်ရှည်ဖို့ အထောက်အကူပေးရတဲ့ အဓိကအချက်က နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေကို အဓိက ကာကွယ်ပေးလို့ ဖြစ်ပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်တာတွေဟာ သေနှုန်းကို အဓိက မြင့်တက်စေပါတယ်။
ဒါ့အပြင် လက်ဖက်စိမ်းဟာ ခန္ဓာကိုယ်အတွက် မကောင်းတဲ့အဆီတွေဖြစ်တဲ့ ကိုလက်စရောကို လျော့ကျစေပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါရှိတဲ့ လူတွေမှာလည်း သွေးပေါင်ချိန် လျော့ကျစေပါတယ်။
Dr. Htar (www.drmyanmar.com)




























