/
node/9995

အမျိုးသမီးများ ရာသီမလာခင် ခံစားရနိုင်တဲ့ လက္ခဏာစု

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

Premenstrual Dysphoric Disorder (PMDD) လို့ခေါ်တဲ့ ရာသီမလာခင် အကြိုခံစားရတဲ့ ပြင်းထန်တဲ့လက္ခဏာစုဟာ အမျိုးသမီးအယောက် 100 မှာ 3 ယောက်ကနေ 8 ယောက်ထိ ခံစားနေကြရပါတယ်။
PMDD ဟာ အမျိုးသမီးအများစုမှာ ဖြစ်လေ့ရှိတဲ့ Premenstrual Syndrome (PMS) ထက် ပိုမိုပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်နိုင်ပါတယ်။ လစဉ်လတိုင်း ဖြစ်နိုင်တာကြောင့် ဒီလိုလက္ခဏာစုကို ခံစားနေရရင် ဆေးကုသမှု သေချာခံယူသင့်ပါတယ်။ အချို့သောအမျိုးသမီးတွေမှာ PMDD ကို သွေးဆုံးချိန်အထိ ခံစားရလေ့ရှိပါတယ်။
ရောဂါလက္ခဏာတွေက ရာသီမလာခင် ရက်သတ္တပတ်တစ်ပတ်အလိုမှာ စတင်လေ့ရှိပြီး ရာသီစလာပြီး ရက်အနည်းငယ်အတွင်းမှာ သက်သာသွားလေ့ရှိပါတယ်။ ရောဂါလက္ခဏာပြင်းထန်ပြီး နေ့စဉ် လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကို နိမ့်ကျစေတာကြောင့် အလုပ်၊ အိမ်နှင့် အိမ်ထောင်မှုကိစ္စများမှာ အဆင်မပြေမှုတွေ ရှိလာနိုင်ပါတယ်။

>>  လက္ခဏာများ
အလွန်အမင်နုံးခွေခြင်း၊ ဂဏှာမငြိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ ရင်တုန်ခြင်း၊ သူတပါးအပေါ်တွင် ယုံမှားသံသယလွန်ကဲလာခြင်း၊ သတိမေ့တတ်ခြင်း၊ လေပွခြင်း၊ အစားပိုစားလာခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မသက်မသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေဖျားလက်ဖျား ထုံကျဉ်ခြင်း၊ ဝက်ခြံ၊ နှင်းခူစသော အရေပြားပြဿနာများ ဖြစ်ပေါ်လာခြင်း၊ အိပ်စက်မှု ပုံစံပြောင်းခြင်း၊ ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ မူးမေ့ခြင်း၊ အိပ်မပျော်ခြင်း၊ ရင်သားတင်းခြင်း၊ ဆီးနည်းသွားခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်း၊ လိင်စိတ်လျော့ပါးခြင်း၊ ရာသီလာစဉ် နာကျင်ခြင်း စတာတွေဟာ PMDD ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

>>  ဖြစ်ပွားရတဲ့အကြောင်းရင်း
ရာသီစက်ဝန်းအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းပြောင်းလဲမှုတွေကို ဦးနှောက်ကနေ မူမမှန် တုံ့ပြန်ရာမှ serotonin (ဆီရိုတိုနင်) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်ခြင်းကို လျော့ကျစေတာကြောင့်ဖြစ်တယ်လို့ သုတေသီတွေက သုံးသပ်ထားကြပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ မျိုးရိုးထဲမှာဖြစ်စေ၊ စိတ်ရောဂါရှိသူ၊ မီးဖွားပြီးနောက် စိတ်ကျရောဂါဖြစ်ထားဖူးသူတွေမှာ PMDD ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

>>  PMDD ဟုတ်၊ မဟုတ် အတည်ပြုခြင်း
PMDD ဟုတ်/မဟုတ် ဆရာဝန်က အထွေထွေ စစ်ဆေးမှုပြုလုပ်ခြင်း၊ ဆေးပညာ မှတ်တမ်းယူခြင်း၊ ရောဂါလက္ခဏာတွေကို နေ့စဉ်မှတ်တမ်းယူထားခိုင်းခြင်းတို့ကို ပြုလုပ်ပါလိမ့်မယ်။
American Psychiatric Association ၏ Guideline အရ အနည်းဆုံး ရာသီစက်ဝန်းနှစ်ခုမှာ ဆက်တိုက်ခံစားရမှသာ PMDD လို့ ဆိုနိုင်မှာဖြစ်ပါတယ်။
PMDD နှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သောလက္ခဏာများထဲမှ ငါးချက်နှင့်အထက်အပြင် အောက်ဖော်ပြပါအချက်တွေထဲက အနည်းဆုံးတစ်ချက်ကို ခံစားနေရပြီဆိုရင်တော့ PMDD လို့ အတည်ပြုနိုင်ပြီဖြစ်ပါတယ်။
●  ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့သလို ခံစားရခြင်း
●  စိတ်ပူပန်ခြင်း
●  စိတ်ခံစားမှုပြောင်းလဲခြင်း
●  ဒေါသဖြစ်ခြင်း၊ ဂဏှာမငြိမ်ခြင်း

>>  ကုသမှု
စိတ်ကျရောဂါကုရာမှာအသုံးပြုတဲ့ SSRI ဆေးဝါးများ (Fluoxetine, Sertraline, Paroxetine, Citalopram) နှင့် မျိုးဥကြွေခြင်းကို တားဆီးနိုင်သော ဆေးဝါးများ (သန္ဓေတားဆေး birth control pills, Leuprolide, Nafarelin, Goserelin) ကို PMDD အတွက် အသုံးပြုနိုင်ပါတယ်။
ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်းတို့အတွက် Aspirin (အက်စ်ပရင်)၊ Ibuproten (အိုင်ဗျူပရိုဖန်) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးဝါးတွေကို သုံးစွဲနိုင်ပါတယ်။
ကယ်စီယမ်၊ Vitamin B6၊ Vitamin E နှင့် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ။ အရက်၊ ကော်ဖီ၊ သကြားနှင့် ဆားစားသုံးမှုတွေကို လျှော့ချပြီး အသားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ဓာတ် ပိုစားပါ။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ စိတ်ဖိစီးမှုကင်းအောင် ဂရုစိုက်နေထိုင်ပါ။

Dr. Htet Htet Aung (www.drmyanmar.com)