ကလေးငယ်တွေအတွက် ချိုလိမ်အသုံးမပြုခင် သိထားသင့်သော အချက်များ
ချိုလိမ်ဟာ မိခင်ရောကလေးအတွက်ပါ ပဉ္စလက်ဆန်တဲ့ပစ္စည်းတခုဖြစ်ပါတယ်။ အချို့သောကလေးငယ်တွေဟာ နို့တိုက်ပြီးချိန်မှာတောင် ဂျီကျနေလေ့ရှိပါတယ်။ အဲလိုအချိန်မှာ ချိုလိမ်ပေးကြည့်လိုက်ပါ။ အံ့သြစရာကောင်းအောင် ငြိမ်ကျသွား ပါလိမ့်မယ်။ ချိုလိမ်အသုံးပြုခြင်းက ကလေးငယ်ကို နှစ်သိမ့်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေရှိပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုးဒွန်တွဲလေ့ရှိတာကြောင့် ချိုလိမ်အသုံးပြုတဲ့အခါမှာ သတိထားသင့်တဲ့ အချက်တွေရှိပါတယ်။
♦ ချိုလိမ်ရဲ့အားနည်းချက်တွေကဘာလဲ
1. ချိုလိမ်ပေးထားခြင်းက မိခင်နို့တိုက်ကျွေးခြင်းကို ထိခိုက်စေပါတယ်။ လေ့လာမှုများအရ ရက်သားအရွယ်ကလေးငယ်ကို ချိုလိမ်ပေးထားခြင်းနှင့် မိခင်နို့သောက်သုံးမှုလျော့ကျခြင်းဟာ ဆက်စပ်နေတယ်လို့သိရပါတယ်။
2. ချိုလိမ်အသုံးပြုခြင်းက အလယ်နားအတွင်း ရောဂါပိုး၀င်းရောက်နိုင်ခြေကို 2 ဆ မြင့်တက်စေပါတယ်။
3. နို့ချိုမတိုက်ကျွေးမီမှာ ချိုလိမ်ပေးထားပါက ကလေးငယ်က ချိုလိမ်ကိုသာ စွဲလမ်းနေတာကြောင့် နို့ချိုတိုက်ကျွေးချိန်မှာ အခက်အခဲဖြစ်နိုင်ပြီး မိခင်နို့မှရရှိတဲ့အာဟာရဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။
4. ကလေးအသက် 2 နှစ်ကျော်သည်အထိ ချိုလိမ်အသုံးပြုပါက ကလေးငယ်ရဲ့သွားဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ချိုလိမ်အသုံးပြုတာကြာလေလေ သွားထိခိုက်ဖို့ အလားအလာပိုများလေလေပါဘဲ။ ဒါ့အပြင် ကလေးအသက်ရလာတာနဲ့အမျှ ချိုလိမ်အပေါ်စွဲလမ်းမှုကိုဖြတ်ရန် ခက်ခဲတာကြောင့် အသက် 1 နှစ်အရွယ်ကတည်းက ချိုလိမ်ဖြတ်နိုင်အောင် အကျင့်လုပ်ပေးထားပါ။ မိခင်နို့တိုက်ကျွေးမှုကို အနှောင့်အယှက်မဖြစ်စေရန် အသက် 4 ပတ်အထိ မိခင်နို့တိုက်ကျွေးခြင်းကို အရင်လုပ်ဆောင်ပါ။ မိခင်နို့တိုက်ကျွေးခြင်း ပုံမှန်ဖြစ်မှချိုလိမ်အသုံးပြုပါ။
5. ချိုလိမ်ကို နို့တိုက်ချိန်တစ်ခုနှင့် တစ်ခုကြားမှာသာ အသုံးပြုပါ။ အလုပ်မအားတာကြောင့် နို့ချို မတိုက်ကျွေးနိုင်ချေမှာ ချိုလိမ်ပေးထားခြင်းကို ရှောင်ရှားပါ။
6. ကလေးငယ်က ချိုလိမ်ကို မနှစ်သက်ဘူးဆိုရင် အတင်းအကျပ်ဖိအားပေးတာမျိုးမလုပ်ပါနှင့်။
7. Bisphenol A (BPA) ပါ၀င်မှုမရှိတဲ့ ချိုလိမ်ကိုသာရွေးချယ်ပါ။ အချို့ ချိုလိမ်တွေမှာ ပလတ်စတစ်၊ ဆီလီကွန် စတဲ့ အစိတ်အပိုင်းများစွာ ပါ၀င်ပါတယ်။ ထိုကဲ့သို့ ချိုလိမ်တွေရဲ့ အစိတ်အပိုင်းတွေက ပြုတ်ထွက်ပြီး ကလေးငယ်ရဲ့ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နိုင်တာကြောင့် အစိတ်အပိုင်း တခုလုံးကို ပါ၀င်ပစ္စည်းတခုတည်းဖြင့် ပြုလုပ်ထားတဲ့ (single piece pacifier) တွေကိုသာရွေးချယ်ပါ။
8. ချိုလိမ်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးပါ။ ကလေးငယ်ရဲ့ ပါးစပ်အရွယ်အစားနဲ့သင့်တော်တဲ့ ချိုလိမ်ကိုသာ ရွေးချယ်ပေးပါ။
Dr. Htet Htet Aung (www.drmyanmar.com)















