/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်လေး-ကြို့ထိုးတာ-စိုးရိမ်စရာလား

ကလေးငယ်လေး ကြို့ထိုးတာ စိုးရိမ်စရာလား?

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးတွေမှာ ရင်နဲ့ဝမ်းကို ခြားထားတဲ့ ကန့်လန့်ကြွက်သားက ကျုံ့ပြီးတော့ အသံပြွန်က အမြန်ပိတ်လိုက်တဲ့အခါမှာ ကြို့ထိုးသံ ထွက်လာစေပါတယ်။

          လူကြီးတွေမှာ ကြို့ထိုးရင် နေရခက်တဲ့အတွက် ကလေးတွေမှာ ကြို့ထိုးရင်လည်း ကလေးတွေ နေရခက်မှာပဲလို့ ထင်ကြပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်းမှာတော့ ကလေးတွေက ကြို့ထိုးလို့ ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူး။ ကလေး တော်တော်များများက ကြို့တွေ ထိုးနေရင်းတောင်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ပြီးတော့ ဒါက ကလေးရဲ့အသက်ရှူတာအပေါ် သက်ရောက်ခဲပါတယ်။

          ဒါပေမဲ့လည်း မေမေတွေ စိတ်ပူလို့ ကလေးကြို့ထိုးတာ ပျောက်စေချင်ရင်တော့ ဒါလေးတွေ လုပ်ပေးလို့ ရပါတယ်နော်။

 

1.      ကလေးကို လေထုတ်ပေးပါ။

          ကလေးကို လေထုတ်ပေးတာက အထဲမှာရှိနေတဲ့ ကြို့ထိုးစေတဲ့လေတွေကို ထွက်သွားစေလို့ ကလေးကို နို့တိုက်နေရာ၊ အစာကျွေးနေရာကနေ ခဏနားပြီးတော့ လေထုတ်ပေးတာက ကလေးကြို့ထိုးတာကို သက်သာစေပါလိမ့်မယ်။ လေထုတ်တဲ့အခါမှာ ကလေးကို ထောင်ပြီးတော့ ချီထားတာကြောင့်လည်း ကြို့ထိုးသက်သာစေတာပါ။ နို့ဘူးတိုက်တဲ့ ကလေးတွေကို ၂-၃ အောင်စ တိုက်ပြီးတိုင်း လေထုတ်သင့်ပါတယ်။ အမေနို့တိုက်တာ ဆိုရင်တော့ နို့ချွတ်ပြီးရင် လေထုတ်ပေးပါ။

**     လေထုတ်နည်း - ကလေးကြို့ထိုးနေတဲ့အခါမှာ ကလေးရဲ့ကျောကုန်းလေးကို ဖြည်းဖြည်းလေး ပုတ် (သို့) ပွတ်ပေးပါ။ အားနဲ့ အတင်းကြီး ရိုက်တာမျိုး မလုပ်ပါနဲ့။

 

2.      ချိုလိမ်လေး ပေးထားပါ။

          ကလေးတွေ ကြို့ထိုးတာက အစာကျွေးလို့၊ နို့တိုက်လို့ချည်း မဟုတ်ပါဘူး။ ကလေးက သူ့ဟာသူ ကြို့ထိုးလာရင် ကလေးကို ချိုလိမ်လေးပေးပြီး စို့စေတာက ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်။

 

3.      သူ့ဟာသူ သက်သာသွားပါလိမ့်မယ်။

          ကြို့ထိုးတာက ကလေးကို ဘာမှမထိခိုက်စေဘူးဆိုရင် သူ့ဟာသူ လွှတ်ထားလိုက်ပါ။ အချိန်တန်ရင် ပျောက်သွားပါလိမ့်မယ်။ ဒီလိုထားလိုက်လို့မှ မပျောက်သွားဘူး ဆိုရင်တော့ ဆရာဝန် သွားပြပါ။ ရှားတော့ရှားပေမယ့် တစ်ခါတလေမှာ ကြို့ထိုးတာက ရောဂါတစ်ခုခုရဲ့လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

 

>>    ကြို့မထိုးအောင် ကာကွယ်ခြင်း

          ကြို့ထိုးတာကို ကာကွယ်နိုင်မယ့်နည်း နည်းနည်းတော့ ရှိပေမယ့် ဘာကြောင့် ကြို့ထိုးတယ်ဆိုတဲ့ အကြောင်းကို သေချာမသိလို့ လုံးဝမထိုးအောင် ကာကွယ်ဖို့ကတော့ ခက်ပါတယ်။

●        ကလေးကို အစာကျွေး၊ နို့တိုက်နေတဲ့အချိန်မှာ ကလေးကို ငြိမ်အောင်ထားပါ။ ပြောချင်တာကတော့ ကလေးက အရမ်းဆာပြီးတော့ စိတ်တိုလာတဲ့အထိ မထားပါနဲ့။ ကလေး ဗိုက်ဆာပြီး မငိုခင်မှာ နို့တိုက်ပေးပါ။

●        နို့တိုက်ပြီးရင်၊ အစာ ကျွေးပြီးရင် ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါစေနဲ့။

●        အစာကျွေးပြီးတိုင်း၊ နို့တိုက်ပြီးတိုင်း ကလေးကို ၂၀-၃၀ မိနစ်လောက် ထောင်ပြီး ချီထားပေးပါ။

 

>>    ဘယ်လိုမျိုးဆိုရင် စိုးရိမ်ရလဲ?

          အသက် ၁၂ လအောက်ကလေးတွေမှာ ကြို့ထိုးတာက ပုံမှန်ပါပဲ။ ဗိုက်ထဲမှာ ကတည်းက ကြို့ထိုးနိုင်ပါတယ်။

          ဒါပေမဲ့လည်း ကလေးက ကြို့အရမ်းထိုးနေရင် အထူးသဖြင့် ကြို့ထိုးတဲ့အချိန်တွေမှာ ကလေးက စိတ်တိုတယ်၊ ဂဏှာမငြိမ် ဖြစ်တယ်ဆိုရင်တော့ တခြားရောဂါ ရှိ၊ မရှိ သိဖို့ ကလေးဆရာဝန်နဲ့ ပြကြည့်တာ ကောင်းပါတယ်။

          ကလေးက ကြို့ထိုးလို့ အိပ်လို့မရရင် (သို့) ကလေးအသက် ၁ နှစ်ကျော်တာတောင်မှ မကြာခဏ ဆက်ပြီးတော့ ကြို့ထိုးနေရင်လည်း ဆရာဝန်ပြပါ။ ကလေး ကြို့ထိုးရင် ကလေးကို လန့်အောင်လှန့်တာ၊ လျှာကို ဆွဲထားတာမျိုးတွေ မလုပ်ပါနဲ့။ ဒါတွေက တစ်နှစ်အောက် ကလေးငယ်လေးတွေအတွက် အကျိုးမရှိတဲ့အပြင် အန္တရာယ်တောင် ဖြစ်စေနိုင်ပါသေးတယ်။

          ကလေးတွေမှာ ဘာကြောင့်ကြို့ထိုးရသလဲဆိုတာကို သေချာမသိနိုင်ပါဘူး။ ကြို့ထိုးပြီး အန်တာတွေ၊ ကြို့ထိုးလို့ ကလေးကို အနှောင့်အယှက် ဖြစ်စေတာမျိိုးတွေ မဖြစ်မချင်းနဲ့ အသက်တစ်နှစ်အောက် ကလေးတွေမှာ ကြို့ထိုးတာက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ကလေး အသက်တစ်နှစ်ပြည့်ပြီဆိုရင် ကြို့ထိုးတာ ပျောက်သွားပါလိမ့်မယ်။ တစ်နှစ်ကျော်လို့မှ ဆက်ပြီး ကြို့ထိုးနေသေးရင်၊ ကြို့ထိုးလို့ ကလေး စိတ်တိုတာ၊ မသက်မသာ ဖြစ်တာတွေရှိရင် အရမး်ငိုရင်၊ ဂျီကျရင် ကလေးဆရာဝန်နဲ့ ပြပါ။ ဆရာဝန်က တခြားရောဂါတွေ ရှိ၊ မရှိ ရှာဖွေပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)