/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-ဓာတ်မှန်ရိုက်တဲ့အခါ

ကလေးတွေကို ဓာတ်မှန်ရိုက်တဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

X-ray (ဓာတ်မှန်) ရိုက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ဓာတ်ရောင်ခြည်တစ်မျိုး ဖြတ်သန်းခိုင်းပြီး ပုံဖော်တာ ဖြစ်ပါတယ်။ အရိပ်တွေအနေနဲ့ မြင်ရတတ်ပါတယ်။ ဒါကြောင့် အရိုး၊ အသား၊ လေတွေကို ဓာတ်မှန်ပေါ်မှာ အဖြူ၊ အမည်း၊ မီးခိုးရောင် စတာတွေနဲ့ တွေ့မြင်ရပါတယ်။

>>  သင့်ရဲ့ကလေးဟာ ဘယ်လိုအချိန်တွေမှာ ဓာတ်မှန်ရိုက်ဖို့လိုမလဲ?
အကြောင်းအရင်းတွေက အမျိုးမျိုး ရှိပေမယ့် အဖြစ်များတာကတော့ -
●  အရိုး ကျိုး၊ မကျိုးကို သိချင်လို့
●  ရောဂါရှာဖွေဖို့ ဒါမှမဟုတ် ရောဂါအခြေအနေကို သိချင်လို့
●  ခန္ဓာကိုယ်ထဲကို ပြင်ပက ပစ္စည်းတစ်ခုခု ဝင်နေရင် နေရာရှာဖို့ (ဥပမာ - ကလေးက အကြွေစေ့ မျိုမိတာမျိုး ဖြစ်ရင်)

>>  ဓာတ်မှန်မရိုက်ခင် ဘာတွေကြိုပြင်ဆင်ရမလဲ?
နာကျင်တာမျိုးတော့ မရှိပေမယ့် ကလေးတွေအနေနဲ့ ကြောက်တာမျိုး၊ ငြိမ်ငြိမ်မနေနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဓာတ်မှန် ဘယ်လိုရိုက်မယ်ဆိုတာနဲ့ မနာကျင်ဘူးဆိုတာ ကလေးကို နားလည်အောင် ပြောပြထားသင့်ပါတယ်။
ကလေးကို ဓာတ်မှန်ရိုက်ပေးဖို့ လာမယ်ဆိုရင် ရိုးရိုးတီရှပ်နဲ့ အသားကပ် ဘောင်းဘီလိုမျိုး ဝတ်လာပေးရင် ရပါပြီ။ အလက်တွေ၊ သံတွေ၊ သတ္တုပါတာ၊ ကြိုးတွေ၊ ပလတ်စတစ်တွေ၊ ပုံရိပ်ပေါ်တာကို အနှောင့်အယှက် ပေးနိုင်တာတွေဆိုရင် ချွတ်ခိုင်းပါလိမ့်မယ်။ ဆံပင်ရှည်ရင် အပေါ်ကို မြှောက်ပြီး စည်းပေးထားပါ။ တင်ပဆုံနားကို ရိုက်မယ်ဆိုရင် ဒိုက်ဘာကို ချွတ်ပေးထားပါ။
ရိုက်နေတုန်းမှာ ကလေးနားမှာ မိဘ ဒါမှမဟုတ် ကလေးကို ကြည့်ပေးမယ့်သူတစ်ယောက် နေပေးရပါမယ်။ ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် ရှိနေတယ်လို့ မသင်္ကာရင် ကြိုပြောရပါမယ်။ ကလေးကို ငြိမ်အောင် ထိန်းထားပေးဖို့ လိုပါတယ်။ အချိန်ကတော့ ရိုက်ရတဲ့ အရေအတွက်ပေါ် မူတည်ပြီး ကြာတတ်ပေမယ့် ၅ မိနစ်ထက်တော့ ပိုမကြာတတ်ပါဘူး။
●  ရင်ဘတ်ဓာတ်မှန် - များသောအားဖြင့် တစ်ပုံပဲရိုက်ပြီး ကလေးကို မတ်တပ်/ထိုင်နေတုန်း ရိုက်ပါတယ်။
●  ဝမ်းဗိုက်ဓာတ်မှန်- ၁ ပုံ/ ၂ ပုံ လောက်ရိုက်ပြီး များသောအားဖြင့် လှဲပြီး ရိုက်ခိုင်းပါတယ်။ တစ်ခါတလေ ထိုင်ရက် ဒါမှမဟုတ် ထရက်ရိုက်ပါတယ်။
●  လက်တွေ ခြေတွေကို ရိုက်တဲ့ဓာတ်မှန် - ရိုက်ရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ပုံစံ ၂ မျိုး/ ၃ မျိုးလောက် ပြောင်းရိုက်ပါတယ်။
●  ဦးခေါင်းဓာတ်မှန် - မြင်ကွင်း ၄ မျိုးလောက်အထိ ရိုက်ပါတယ်။ ခေါင်းကို ငြိမ်နေအောင် ကိုင်ထားပေးဖို့ လိုပါတယ်။
နောက်တစ်ခြား အမျိုးအစားတွေလည်း ရှိပါသေးတယ်။
ရိုက်ပြီးရင်တော့ ရက်အနည်းငယ်အတွင်းမှာ အဖြေရတတ်ပြီး ဆရာဝန်က အဖြေကို ဖတ်ပေးပါလိမ့်မယ်။

Dr. Htar (www.drmyanmar.com)