/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေဖျားရင်-ဘယ်လိုအချိန်တွေမှာ-စိုးရိမ်ရသလဲ

ကလေးတွေဖျားရင် ဘယ်လိုအချိန်တွေမှာ စိုးရိမ်ရသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          မိဘတွေအတွက် ကလေးတွေဖျားနာပြီဆိုရင် စိုးရိမ်ပူပန်ကြရပါတယ်။ အထူးသဖြင့် သားဦးမိခင်ဖခင်တွေမှာဆို ပိုဆိုးပါတယ်။ ဘယ်လောက်ပဲဂရုစိုက်စိုက် ကလေးဖျားတာနဲ့တော့ကြုံတွေ့ကြ ရမှာပါ။ မိဘတွေအတွက် အရေးကြီးတဲ့အချက်ကတော့ ကလေးတွေဖျားနာရင် ဘယ်လိုပြုစုရမယ်၊ ဘာလုပ်ပေးရမယ်ဆိုတာကို သိထားရပါမယ်။

         ပါးစပ်ထဲထည့်ပြီးတိုင်းတဲ့ သာမိုမီတာကနေ နောက်ဆုံးထွက်ရှိတဲ့ နဖူးသွေးကြောရဲ့ အပူချိန်ကိုဖတ်နိုင်တဲ့ သာမိုမီတာအထိ အပူချိန်တိုင်းတဲ့ ကိရိယာအမျိုးမျိုးရှိပါတယ်။ ဒီထဲကမှ ဒီဂျစ်တယ်သာမိုမီတာက မိဘတွေအတွက် အသင့်တော်ဆုံးပါ။

          ပုံမှန် ကိုယ်အပူအချိန်က 98.6’F (37’C) ရှိပြီး ကိုယ်အပူချိန် 100.4’F (38’C) ကျော်ရင် ကိုယ်ပူတယ်လို့သတ်မှတ်ပါတယ်။ နေကောင်းနေတဲ့အချိန်မှာတောင်မှ ခန္ဓာကိုယ်ရဲ့အပူချိန်က ပုံမှန်ဘောင်အတွင်းမှာ တစ်ချိန်လုံးပြောင်းလဲနေနိုင်ပါတယ်။ အသက်အရွယ်၊ လှုပ်ရှားမှုပမာဏအပြင် အခြားအချက်တွေအပေါ်လိုက်ပြီး ပြောင်းလဲတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ကိုယ်အပူချိန်နည်းနည်းပြောင်းလဲရုံနဲ့ စိုးရိမ်ဖို့မလိုပါဘူး။

 

ကလေးတွေကိုယ်ပူသော်လည်း မစိုးရိမ်ရတဲ့အခြေအနေများ

- အဖျား 5 ရက်အောက်သာကြာပြီး ကလေးရဲ့အပြုအမူတွေလှုပ်ရှားမှုတွေက ပုံမှန်အတိုင်းပဲရှိနေလျှင်စိတ်ပူစရာမလိုပါဘူး။ (ကလေးက ပုံမှန်အတိုင်း စားနိုင်သောက်နိုင်၊ ကစားနိုင်နေမယ်။)

- ကာကွယ်ဆေးထိုးပြီးမကြာမီ ကိုယ်ငွေ့ငွေ့လေးပူခြင်းက 48 နာရီထက်မကျော်ဘူးဆိုရင် ပုံမှန်ပါပဲ။

 

စိုးရိမ်ရသောအခြေအနေများ (သို့) ဆေးရုံဆေးခန်းသို့သွားပြသင့်သောအခြေအနေများ

1. အသက် 3 လအောက်ကလေး ဖျားခြင်း - ရောဂါတစ်ခုခုရှိလို့ ဖျားတာဖြစ်နိုင်ပါတယ်။

2. အဖျား 5 ရက်ထက်ပိုကြာခြင်း - ဘာကြောင့်ဖျားတယ်ဆိုတာကို အဖြေရှာကြည့်ဖို့လိုပါတယ်။

3. ကိုယ်အပူချိန် 104’F (40’C) ထက်များခြင်း

4. ကိုယ်ပူကျဆေးများတိုက်သော်လည်း ကိုယ်အပူချိန်မကျခြင်း။

5. ကလေးမှိန်းခြင်း၊ ရေလုံလောက်စွာမသောက်ခြင်း၊ နို့ကောင်းကောင်းမစို့ခြင်း၊ အနည်းဆုံးတစ်နေ့ကို သေးခံအဝတ် 4 ထည်မစိုဘူး (သို့) ကလေးကြီးတွေမှာဆိုရင် 8-12 နာရီကြာတစ်ခါ ဆီးမသွားဘူးဆိုရင် ရေဓာတ်ခမ်းခြောက်နေတဲ့လက္ခဏာဖြစ်ပြီး စိုးရိမ်ရပါတယ်။

6. ကလေးကာကွယ်ဆေးထိုးပြီးနောက် ဖျားတာ 48 နာရီထက်ပိုခြင်း၊ ကိုယ်အပူချိန် 102’F ထက်မြင့်ခြင်း။

7. ကလေးဖျားနာတာနဲ့ပတ်သက်ပြီး အရမ်းစိတ်ပူနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး တိုင်ပင်ဆွေးနွေးပါ။

 

ကိုယ်ပူကြီးပြီး တက်လျှင် ဘာလုပ်ကြမလဲ

အသက် 5 နှစ်အောက် ကလေးတွေရဲ့ 2-4% လောက်က အဖျားကြီးလာရင် တက်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးပြီး တက်လျှင် -

1. ကလေးကို ဘေးစောင်းထားပါ။

2. ကလေးပါးစပ်ထဲကို ဘာမှမထည့်ပါနှင့်။

3. တက်ချိန် 5 မိနစ်ထက်ပိုကြာရင် နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားပါ။ (သို့) အရေးပေါ်ဆေးကုသမှုခံယူပါ။

 

အဖျားကြာရှည်ခြင်း (သို့) မကြာခဏဖျားခြင်း

          ကလေးအထူးကုနှင့်တိုင်ပင်ပြီး ဘာကြောင့်ဖျားရသလဲဆိုတဲ့ နောက်ခံအကြောင်းအရင်းကို သေချာ စစ်ဆေးဖို့ လိုပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com