/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ဘယ်အရွယ်မှာ-စပြုံးတတ်ကြသလဲ-0

ကလေးတွေ ဘယ်အရွယ်မှာ စပြုံးတတ်ကြသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတစ်ယောက် စပြီးပြုံးတတ်တဲ့အချိန်က မိဘတွေအတွက် မှတ်မှတ်ရရဖြစ်နေမယ့် ကြည်နူးစရာအချိန်တစ်ခုပါ။ ဒီတော့ ကလေးတွေ ဘယ်အရွယ်မှာ စပြီးပြုံးတတ်ကြသလဲ။ ဒီလိုအပြုံးတွေက သူတို့ရဲ့လူမှုဘဝနဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုအတွက် ဘယ်လိုအဓိပ္ပာယ်တွေရှိလဲဆိုတာကို လေ့လာကြည့်ကြပါစို့။
ကလေးတွေက သူတို့မမွေးခင်ကတည်းက ပြုံးတတ်ကြပါတယ်။ ဟိုးငယ်ငယ်ကလေးဘဝအစ မိခင်ဗိုက်ထဲမှာကတည်းက ပြုံးနိုင်ပါတယ်။ ဒီပထမဆုံးအပြုံးက တမင်တကာ ရည်ရွယ်ပြီးပြုံးတာ၊ တစ်ခုခုကို တုံ့ပြန်ပြီးပြုံးတာ မဟုတ်ပါဘူး။ ကလေးတွေကို စမ်းကြည့်တဲ့အချိန်မှာ လက်တွေ၊ ခြေထောက်တွေ ဆတ်ခနဲ လှုပ်တာလိုမျိုး သူအလိုလိုပြုံးတာပဲ ဖြစ်ပါတယ်။

>>  ဖွံ့ဖြိုးမှုအမျိုးအစားများ - လူမှုရေး၊ အမြင်အာရုံ၊ စိတ်ခံစားမှု
ကလေးတစ်ယောက်ရဲ့ တုံ့ပြန်ပြီးပြုံးလိုက်တဲ့အပြုံးက သူရဲ့ဖွံ့ဖြိုးမှုအခြေအနေကို ဖော်ပြနေပါတယ်။ ဒါက သူ့ရဲ့အမြင်အာရုံဖွံ့ဖြိုးလာပြီး မျက်နှာတွေကို မှတ်တတ်လာခြင်းရဲ့လက္ခဏာပါ။ ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်တွေက အလိုအလျောက်ပြုံးတဲ့အပြုံးတွေကို ဖယ်ထုတ်လိုက်ပြီး အခြားသူတွေနဲ့ဆက်သွယ်ဖို့ ပြုံးတတ်လာတဲ့အထိ ဖွံ့ဖြိုးလာပါပြီ။ သူ့ခံစားချက်ကို သူသိပြီး ခံစားချက်အတိုင်း မျက်နှာမှာ ဖော်ပြတတ်လာတာပါ။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ကျေနပ်မှုတွေနဲ့ကြုံရင် ပြုံးပါတယ်။

>>  ဘယ်အရွယ်မှာ စပြုံးမယ်လို့ မျှော်လင့်ထားပါသလဲ?
ကလေး အသက် 2 လ အရွယ်လောက်မှာ အလိုအလျောက် ပြုံးတတ်တဲ့အပြုံးတွေ ပျောက်ကွယ်သွားပါတယ်။ အမှန်တကယ် ပြုံးတတ်တာကတော့ 1 လခွဲ - 2 လ (သို့) ရက်သတ္တပတ် 6 ပတ် - 12 ပတ် အရွယ်မှာ စပါတယ်။ ကလေးအသက်အရွယ်နဲ့ အပြုံးကြာချိန်ပေါ် မူတည်ပြီး ကလေးတစ်ယောက်က အမှန်တကယ် ပြုံးတတ်ပြီလားဆိုတာကို သိနိုင်ပါတယ်။ ယေဘုယျအားဖြင့် အလိုအလျောက်ပြုံးတဲ့အပြုံးက အချိန်တိုပြီး အိပ်ပျော်နေတဲ့အချိန်၊ မောလာတဲ့အချိန်လိုမျိုး ပြုံးချင်တဲ့အချိန်မှာ ပြုံးတတ်ပါတယ်။ အစစ်အမှန်အပြုံးကတော့ မိခင်ရဲ့မျက်နှာကိုမြင်တဲ့အချိန်၊ အခြားကလေးတစ်ယောက်ရဲ့ အသံစူးစူးနဲ့အော်တာကို ကြားတဲ့အချိန်တွေမှာ တုံ့ပြန်ပြီးပြုံးတာဖြစ်ပြီး အချိန်ကြာကြာ ပြုံးတတ်ပါတယ်။ အဲလိုပြုံးပြီဆိုရင် ကလေးရဲ့မျက်လုံးမှာပါ ခံစားချက်ကို တွေ့နိုင်ပါတယ်။
ကလေး နှုတ်ခမ်းလေးပါတွန့်ပြီး ပြုံးတာကိုတွေ့ချင်ရင်တော့ သူ့ကိုမြှူလို့ရပါတယ်။ ကလေးကို ခဏခဏ စကားပြောပေးပါ (တုံ့ပြန်ချိန်ပေးပါ) ကလေးနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပေးပါ၊ ကလေးကို တစ်နေ့လုံး ပြုံးပြပေးပါ။ ရယ်စရာမျက်နှာပုံစံ၊ ရယ်ချင်လာအောင် အသံပြုလုပ်ပြတာတွေ၊ တိရစ္ဆာန်အသံတု အမူအရာမျိုးလုပ်တာ၊ ဘူး-ဘူးကစားခြင်းတွေက ကလေးကို ပိုပြုံးစေပါတယ်။ ဒါပေမဲ့ အရမ်းအလွန်အကျွံတော့ မလုပ်ပါနဲ့။ ကလေးတွေရဲ့ခံစားမှုက အတိုင်းအတာ ရှိပါတယ်။ မြှူတာများသွားရင်လည်း ကလေးအတွက် မကောင်းပါဘူး။ ကလေးကို နားချိန်၊ အသက်ရှူချိန်လေးပေးပြီး မြှူပါ။

>>  မိဘတွေက ကလေးတွေရဲ့ ဘယ်အပြုံးမှတ်တိုင်တွေကို မျှော်လင့်ထားပါသလဲ?
ကလေးက နှုတ်ခမ်းတွန့်ပြီးပြုံးတတ်ပြီဆိုရင် သူက ထပ်ခါထပ်ခါပြုံးပြပါလိမ့်မယ်။ ကလေးလေးက ပြုံးပြတာကိုတွေ့ရင် လူကြီးတွေကလည်းပျော်ပြီး မျက်လုံးလေးတွေ အရောင်လက်လာပြီး ကလေးကို ပြန်ပြုံးကြည့်မိကြပါတယ်။ ကလေးက အဲဒါကို သိလာပါတယ်။ ပထမတော့ ကလေးချော့တေးဆိုခြင်း၊ ကလေးသေးခံဝတ်လဲပေးရင်း စကားလေးတွေ ပြောပေးခြင်း စတဲ့ အသံတွေ၊ ရုပ်တွေနဲ့ ချော့မြှူတာတွေကြောင့် ကလေးတွေက ပြုံးတတ်ကြပါတယ်။ နောက်ပိုင်း အမြင်အာရုံတွေ ဖွံ့ဖြိုးလာချိန်မှာတော့ အဖေ၊ အမေ မျက်နှာကိုမြင်ရင် ပြုံးတတ်လာပါတယ်။ မိခင်ကို အများဆုံးပြုံးပြတတ်ပြီး အခြားသူတွေကိုလည်း ပြုံးပြလေ့ရှိပါတယ်။ (ဒါကတော့ လူစိမ်းတွေကို မခွဲခြားတတ်သေးတဲ့ အသက် 6 လအရွယ်လောက် အထိပါ)။ လူ့တွေရဲ့အပြုမူတွေ မြှူတာတွေကို ပြန်ပြုံးပြတာကြာပြီး နောက်ပိုင်းမှာတော့ အသံတွေပါပြုတတ်လာမှာပါ။ အစပိုင်းမှာ ‘တကူကူ’ အသံပြုတတ်တာကနေ ‘တခစ်ခစ်’ ရယ်သံပြုလာပြီးနောက်တော့ ရယ်တာနဲ့အတူ ကိုယ်လုံးပါလိုက်ပြီး ယိမ်းလာပါတယ်။ ကလေး အသက် 5 လ အရွယ်လောက်ဆိုရင်တော့ အံ့အားသင့်လောက်အောင် အားရပါးရနဲ့ အသံအကျယ်ကြီး ရယ်တတ်လာပါပြီ။

>>  သတိထားရမည့်အချက်များ
မိဘတွေအနေနဲ့ ကလေးတွေ စတင်ပြုံးတတ်တဲ့အချိန်ကို မျှော်လင့်နေကြမှာဖြစ်ပေမယ့် ကလေး စောစောမပြုံးတိုင်း မပျော်လို့ (သို့) တစ်ခုခု မှားနေတယ်လို့ မယူဆသင့်ပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးချိန်မတူကြပါဘူး။ တချို့က ပုံမှန်ထက် ရက်သတ္တပတ် အနည်းငယ် နောက်ကျပြီးမှ ဖွံ့ဖြိုးတတ်ပါတယ်။ ဒါပေမဲ့ ကလေးက 3 လအရွယ်လောက်မှာမှ မပြုံးတတ်ဘူး ဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြကြည့်ဖို့လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)