ကလေးတွေ ဘာလို့အစားမစားလဲ
သူတို့ကြိုက်တဲ့ဟင်းမပါရင် မစားဘဲ ဆန္ဒပြတတ်ကြတဲ့ကလေးလေးတွေ အိမ်မှာရှိကြလား? များသောအားဖြင့်တော့ နာရီပိုင်းလောက်အကြာ ဗိုက်မခံမရပ်နိုင်အောင် ဆာလာတဲ့အခါမှာတော့ စားပွဲမှာပြန်လာထိုင်စားတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဒီထက်ပိုကြာလာရင် ဘယ်လိုလုပ်ကြမလဲ?
ကြီးထွားနေတဲ့အရွယ် ကလေးတွေအဖို့ အစားမစားဘဲ အကြာကြီးနေတာမျိုး မရှိတတ်ကြပါဘူး။ ပုံမှန်သဘာဝအရဆိုရင် ကလေးတွေဟာ နာရီပိုင်းတစ်ခါလောက်ကို ဗိုက်ဆာတတ်ကြပါတယ်။ လုံးလုံးမစားဘဲနေတယ်ဆိုတာဟာ ရောဂါအခံတစ်ခုခုရှိနေလို့ ဖြစ်နိုင်ပါတယ်။
ကလေးကို ချော့လိုက်ခြောက်လိုက် အမျိုးမျိုးကျွေးနေရပြီဆိုရင် ပုံမှန်မဟုတ်တော့ပါဘူး။ မိဘက အတင်းကြိမ်းမောင်းလို့ အနည်းအကျဉ်း စားလိုက်တယ်ဆိုရင်တောင် ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။
Nutrilin IA 1

ဘယ်အချိန်မှာ ကလေး အစားရွေးတာကို စိုးရိမ်ရမလဲ?
ကလေးတွေ လုံးလုံးအစားအသောက်ပျက်ပြီး မစားတော့တာ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီထဲက အကြောင်းတချို့ကတော့ -
● ဗိုင်းရပ်စ်ဝင်ခြင်း : ပုံမှန်စားနေတဲ့ကလေးတစ်ယောက် လုံးဝမစားတော့ဘူးဆိုတာဟာ ဗိုင်းရပ်စ်ပိုးဝင်လို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်သာဆိုရင်တော့ သိသာပါတယ်။
● ဝမ်းချုပ်ခြင်း : ကလေးတွေ ဝမ်းချုပ်လာတဲ့အခါ ဘာကြောင့်မှန်းမသိ အစားကောင်းကောင်း မစားတာမျိုး ဖြစ်တတ်ပါတယ်။
● အစာပြွန်ရောင်ခြင်းတစ်မျိုး : Eosinophils လို့ခေါ်တဲ့ ကိုယ်ခံအား သွေးဖြူဥဆဲလ်တစ်မျိုးဟာ အစာပြွန်မှာ စုပုံလာပြီး အစာပြွန်ရောင်ရမ်းတဲ့အခါ ကလေးဟာ အရမ်းနာပြီး မစားချင်မသောက်ချင် ဖြစ်တတ်ပါတယ်။
Nutrilin IA 2

● မစားမသောက်နိုင်တဲ့ စိတ်ရောဂါတစ်မျိုး : ဒါဟာ ဆယ်ကျော်သက်တွေမှာ တွေ့ရတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ၆/၇ နှစ်ကလေးတွေမှာလည်း တွေ့ရနိုင်တယ်လို့ ဆိုကြပါတယ်။
● အစာဓာတ်မတည့်ခြင်း : တစ်ခါတလေ ဂျုံ၊ ဘာလေ စတာတွေမှာပါတဲ့ ဂလူတန်ဓာတ်မတည့်တဲ့ Coeliac ရောဂါလိုမျိုး အစားအစာ ဓာတ်မတည့်တဲ့ကလေးတွေမှာလည်း အစားမစားနိုင်တာမျိုး ဖြစ်တတ်ပါတယ်။
● တခြားရောဂါအခံများ : ကျောက်ကပ်၊ အသည်းနဲ့ အခြားအင်္ဂါအစိတ်အပိုင်းရောဂါတွေမှာလည်း အစားအစာ မစားချင်တာမျိုး ဖြစ်တတ်ပါတယ်။
ကလေးဟာ သူစားချင်တဲ့ အာလူးကြော်တို့၊ မုန့်တို့ကို မစားရလို့ မေမေဖေဖေကျွေးတဲ့ဟင်းတွေကို မစားတာလည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဘာမှကို မစားဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ရောဂါရှာဖွေဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















