ကလေးတွေ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီလား
ကလေးတွေဆိုတာ အရမ်းကို တက်ကြွကြပါတယ်။ တစ်နေကုန် ဆော့ပြီးတာတောင် ညဘက်ရောက်တဲ့အခါ ပင်ပန်းတယ်လို့ ညည်းခဲတဲ့သူလေးတွေပါ။ ကလေးဟာ တစ်ခါတလေမှာ ပင်ပန်းတယ်၊ မောတယ်လို့ ပြောလာရင်တော့ ဒါဟာ အိပ်ရေးပျက်လို့လား၊ အရမ်းဆော့လိုက်လို့လား၊ ဒါမှမဟုတ် အိမ်စာတွေ မလုပ်ချင်လို့လား၊ စတဲ့အကြောင်းပြချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး ပင်ပန်းတယ်၊ မောတယ်လို့ ပြောနေပြီဆိုရင်တော့ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတာများလားဆိုပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။
>> အလွန်အမင်း ပင်ပန်းနွမ်းနယ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?
နေ့စဉ်လုပ်နေကျအလုပ်တွေကို မလုပ်နိုင်လောက်အောင် တောက်လျှောက်ပင်ပန်းနေပြီး အားမရှိဖြစ်နေတာကို ဆိုလိုတာပါ။ ကလေးဟာ လုံလုံလောက်လောက် အနားယူပြီးတာတောင်မှ အိပ်ငိုက်နေသေးတယ်ဆိုရင် ကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။
Nutroplex 1
>> ဘာကြောင့်ဖြစ်တတ်သလဲ?
● အာဟာရဓာတ်ချို့တဲ့ခြင်း
● သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ
● စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့ စိတ်ရောဂါများ
● နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ
● သွေးမတည့်မှုများ
● ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
● အိပ်ရေးပျက်ခြင်း
● ရောဂါပိုးများ ဝင်ရောက်ခြင်း
● ကိုယ်ခံအားစနစ်နဲ့ဆိုင်သော ရောဂါများ
● သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
● နာတာရှည်ရောဂါများ
● ကင်ဆာရောဂါများ
● ဆေးဝါးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးများ
● အဒရီနယ်ဂလင်း ကောင်းစွာ အလုပ်လုပ်ခြင်း အစရှိတဲ့ များစွာသော ကျန်းမာရေးပြဿနာတွေကြောင့်ပဲ ဖြစ်ပါတယ်။
Nutroplex 2
အပေါ်မှာဖော်ပြခဲ့တဲ့ ကျန်းမာရေးပြဿနာတွေ တစ်ခုမှမရှိဘဲ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာဟာ ခြောက်လနဲ့အထက် ကြာနေပြီဆိုရင်တော့ နာတာရှည် အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း (Chronic fatigue syndrome) လို့ ခေါ်ပါတယ်။
>> အလွန်အမင်း ပင်ပန်းနွမ်းနယ်တာကို ဘယ်လိုကုသရမလဲ?
အရေးကြီးဆုံးကတော့ ကောင်းစွာအိပ်စက်နိုင်ဖို့ ကူညီပေးပါ။ ကလေးတစ်ယောက်ဟာ တစ်ညကို အနည်းဆုံး အိပ်စက်ချိန် (၈) နာရီကနေ (၁၀) နာရီအထိ ရှိသင့်ပါတယ်။ အိပ်ချိန်ကိုလည်း ပုံမှန်သတ်မှတ်ပေးပါ။ အိပ်ခါနီးကို ဖုန်း၊ ကွန်ပျူတာ၊ တီဗွီတွေ မကြည့်ပါစေနဲ့။ အိပ်ရာမဝင်ခင် နှစ်နာရီလောက်အလိုကစပြီး ဗိုက်တင်းအောင် မစားခိုင်းပါနဲ့။ အိပ်ခန်းကို သက်သောင့်သက်သာရှိအောင် လုပ်ပေးပြီး မီးရောင်မှိန်မှိန် ထားပေးပါ။
● လေ့ကျင့်ခန်း ပုံမှန်လုပ်ခိုင်းပါ။
● နေရောင်ခြည်နဲ့ ထိတွေ့စေပါ။
● စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါ။ ကျောင်းစာတွေချည်း အတင်းအကြပ် မလုပ်ခိုင်းပါနဲ့။
● ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များကို ကျွေးပါ။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရမလဲ?
● ကျောင်းပျက်တာ များလာရင်၊ နေ့စဉ်ဘဝကို ထိခိုက်လာရင်
● ညွှန်ကြားထားတဲ့ ဆေးတစ်မျိုးမျိုး သောက်ပြီးမှ အလွန်အမင်း ပင်ပန်းနွမ်းနယ်လာရင်
● တစ်ပတ်ထက်ပိုပြီး ကြာနေရင်
● ကိုယ်အလေးချိန် ကျသွားခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း စတာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကလေးတွေ ပင်ပန်းတာဟာ များသောအားဖြင့်တော့ အရမ်းဆော့လိုက်တာနဲ့ အိပ်ရေးပျက်တာတွေကြောင့် ဖြစ်တာပါ။ ရောဂါအခြေအနေတစ်ခုခုရှိလို့ ဖြစ်တာဟာ အနည်းစုပါ။ ဒါကြောင့် မိမိတို့ကလေးက ပင်ပန်းတယ်၊ မောတယ်လို့ ပြောလာရင် အရမ်းစိုးရိမ်မနေကြပါနဲ့နော်။ ကောင်းကောင်းအနားယူပြီး အာဟာရ စုံစုံလင်လင်စားရင် ပြန်သက်သာလာမှာပါ။
Dr. Aye Hsu Mon (www.drmyanmar.com)















